တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်တွင်ဖြစ်လာမည့် မုန်တိုင်း ရခိုင်သို့ ဝင်ရောက်နိုင်ဖွယ်မရှိတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 994

ဘင်္ဂလားပင်လယ်တွင်ဖြစ်လာမည့် ဆိုင်ကလုန်းမုန်တိုင်း "မီးကျောင်း"သည် ဦးတည် လမ်းကြောင်း ပြောင်းသွားသည့်အတွက် ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ဖွယ်မရှိတော့ဟု သိရသည်။

ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်း တိုင်းထွာခန့်မှန်းချက်အရ ယင်းမုန်တိုင်းသည် ရခိုင် ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်မည့် အခြေအနေ မရှိကြောင်း တွေ့နေရသည်ဟု မိုး/ဇလပညာရှင် ဦးဝင်းနိုင်က သူ၏လူမှုကွန်ရက်တွင် ယနေ့ နံနက် ၁ နာရီခွဲတွင် ရေးသားထုတ်ပြန်ထားသည်။

ဦးဝင်းနိုင်က "GEFS model ကြိုတင်ခန့်မှန်းချက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေကို ဝင်ရောက်နိုင်ကြောင်းတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နိုင်မဲ့အခြေအနေမှ သက်သာရာရသွားနိုင်တဲ့ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါတယ်"ဟု ဆိုထားသည်။

မုန်တိုင်းဖြစ်ပေါ်လာသည့် အစပိုင်းက ၎င်းဆိုင်ကလုန်းမုန်တိုင်း "မီးကျောင်း"သည် ဒီဇင်ဘာ ၂ ရက်၊ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်အနီးသို့ ဦးတည်ရွေ့လျားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ကုန်းတွင်းကို စတင်ဖြတ်ကျော်ဝင်ရောက်မည်ဟု နိုဝင်ဘာ ၂၆ ရက်တွင် မိုးလေဝသ ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် မုန်တိုင်းဦးတည်ရာ လမ်းကြောင်း ပြောင်းသွားသည်ဟု သိရသည်။

နောက်လာမည့် ၅ ရက်နှင့် ၁၀ ရက်အတွင်း မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်မှုက မရှိသလောက် နည်းပါးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းနှင့် ဧရာဝတီတိုင်းအနောက်ခြမ်းများတွင်သာ သက်ရောက်မှု အနည်းငယ်ရှိနိုင် သည်ဟုလည်း ဦးဝင်းနိုင်က ဆိုသည်။

"ဆိုင်ကလုန်းမုန်တိုင်း ကမ်းရိုးတန်းအနီးကပ်လာတာနဲ့ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ မိုးသည်းထန်နိုင်/မိုးများနိုင်ပြီး နိုင်ငံအနှံ့အပြားမှာ မိုးအသင့်အတင့်ရွာနိုင်ပါမယ်"ဟု ရေးထားသည်။

အဆိုပါ"မီးကျောင်း"အမည်ရှိမုန်တိုင်းဖြစ်ပေါ်မည့် လေဖိအားနည်းရပ်ဝန်းသည် လက်ရှိတွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားတို့တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၇ နာရီအချိန်ထုတ်ပြန်ထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နိုဝင်ဘာ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

"ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၁.၁၂.၂၀၂၃)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်"ဟု မိုး/ဇလထုတ်ပြန်ချက်က ဆိုသည်။

မိုးလေဝသသတင်းများကို စဥ်ဆက်မပြတ် လေ့လာတင်ဆက်နေသည့် Su Su San လူမှုကွန်ရက် စာမျက်နှာတွင်မူ ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်လျက်ရှိသော မလက္ကာ ရေလက်ကြားတွင် လေဖိအားနည်းလေဝဲ စုဖွဲ့မှု အလွန်ကောင်းနေသော်လည်း မြန်မာနိုင်ငံတစ်ခုလုံးတွင် နိုဝင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ရာသီဥတု အေးမြကြည်လင် သာယာနေမည်ဖြစ်၍ တောင်သူများတွင် စပါးများ ရိတ်သိမ်းအခြောက်လှမ်းနိုင်ကြမည်ဟု ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

"မီးကျောင်း" အရှိန်ကြောင့်  မုန်တိုင်းမိုးသည် ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်များတွင် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးကြီးနိုင်သည်ဟု Su Su San က ခန့်မှန်းထုတ်ပြန်ထားသည်။ (NN-16)

ဓာတ်ပုံ - Win Naing facebook

ဆက်စပ် သတင်းများ