Preview

ပေါက်တောမြို့ကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲ၊ မြို့ထဲ နေရာနှစ်ခုတွင် မီးလောင်

နိုဝင်ဘာ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1447
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၂၈ ရက်တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်ပြီး မြို့ထဲနေရာ နှစ်ခုတွင် မီးလောင်နေကြောင်း သိ၇သည်။

ယနေ့ နိုဝင်ဘာ ၂၈ ရက်၊ နေ့လယ် ၁ နာရီ ၅ မိနစ်တွင် ဂျက်ဖိုက်တာနှင့် စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲသည့် အတွက် မီးလောင်နေခြင်းဖြစ်ကြောင်း မျက်မြင် ပေါက်တောဒေသခံတစ်ဦးက ပြောသည်။ 

"ဂျက်ဖိုက်တာနဲ့ မြို့ကို လှည့်ပတ်ပြီး ပစ်ချတာပါ။ ဗုံးကြဲတာရော၊ စက်သေနတ်ပစ်သံတွေရော ကြားရပါတယ်။ မြို့ထဲ နှစ်နေရာမှာ မီးလောင်နေတာတွေ့ရတယ်။ ဘယ်နေရာလဲတော့ အတိအကျခန့်မှန်းလို့မရဘူး" ဟု ပြောသည်။ 

ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေဗီကလည်း လက်နက်ကြီးများဖြင့် ပစ်ကူလျက်ရှိကြောင်း သိရသည်။ 

ပေါက်တောမြို့မှထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက "ကျနော်တို့ပေါက်တောမြို့ကို လေယာဥ်နဲ့ ဗုံးကြဲပါတယ်။ စက်သေနတ်နဲ့ပစ်တယ်။ နေဗီကလည်း လက်နက်ကြီးတွေ ပစ်နေပါတယ်။ မြို့ထဲမှာတော့ လူအနည်းလောက်ပဲကျန်ပေမယ့် အရမ်းစိတ်ပူမိပါတယ်။ အခု မီးခိုးတွေထွက်နေတာကို လှမ်းမြင်နေရတယ်"ဟု ပြောသည်။ 

ပေါက်တောမြို့ကို စစ်တွေအခြေစိုက် ရဲတပ်ရင်း (၁၂)နှင့် စစ်ရေယာဉ်တို့က လက်နက်ကြီးပစ်ကူမှုများ ဆက်တိုက် ရှိနေကြောင်း စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

"မနေ့ညက လက်နက်ကြီးတွေဆက်တိုက် ပေါက်တောဘက်ကို ပစ်ကူလို့ တစ်ညလုံး အိပ်မ၇ပါဘူး။ ဒီမနက်အထိလည်း ပစ်နေတာပါပဲ"ဟု ပြောသည်။ 

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်တွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲမှုများရှိခဲ့သည်ဟု ပေါက်တောမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

နိုဝင်ဘာ ၂၆ ရက်၊ ညနေပိုင်းကလည်း စစ်ကောင်စီက ပေါက်တောမြို့ကို ဒရုန်းဗုံးနှင့် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများလည်းရှိခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း ပေါက်တောမြို့တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များ ထပ်မံကျရောက် ပေါက်ကွဲ၍ ပေါက်တောဈေးအနီးဝန်းကျင်၌ မီးထပ်လောင်ခဲ့ကြောင်း သိ၇သည်။

အလားတူ နိုဝင်ဘာ ၂၃ ရက်ကလည်း ပေါက်တောမြို့ထဲသို့ စစ်ကောင်စီ၏ နေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြို့ထဲတွင် ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

ပေါက်တောမြို့ပေါ် တိုက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် အပြင် စစ်သားအချို့လည်းပိတ်မိနေသည့်အတွက် စစ်ကောင်စီတပ်က ရေတပ်၊ လေတပ်နှင့် ကြည်းတပ်ကို အသုံးပြုပြီး လက်နက်ကြီးများဖြင့် မြို့ထဲကို အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိ၇သည်။ (NN-7)

 ဓာတ်ပုံ - ပေးပို့

#ပေါက်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.