Preview

ရခိုင်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန် မင်းပြားတွင် ဟင်းရွက်သီးနှံမျိုးစေ့ လှူဒါန်းပေးနေ

နိုဝင်ဘာ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :6468
ရခိုင် သတင်း

တိုက်ပွဲကာလ စစ်ကောင်စီက လမ်းများပိတ်ထား၍ ရခိုင်ပြည်သူများစားရေးရိက္ခာ ရှားပါးပြတ်လပ်နေစဥ် တစ်ပိုင်တစ်နိုင်သီးနှံစိုက်ပျိုးနိုင်ရန်ရည်ရွယ်ပြီး သီးနှံမျိုးစေ့များကိုမင်းပြားမြို့တွင် လှူဒါန်းပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါသီးနှံမျိုးစေ့များကို မင်းပြားမြို့ရှိ Sandar AgroShop က သီးနှံကိုယ်တိုင်စိုက်ပျိုးလိုသည့် မည်သူ့ကိုမဆိုအခမဲ့လှူဒါန်းပေးနေခြင်းဖြစ်ပြီး ပြည်သူတစ်ဦးလျှင် သီးနှံမျိုးစေ့ထုတ် ၁ရထုတ်ခန့်လှူဒါန်းပေးနေကြောင်း သိ၇သည်။

"လမ်းတွေပိတ်နေတဲ့အချိန်မှာ ပြည်မဘက်ကသီးနှံတွေမရောက်ဘူး။ပြည်တွင်းဟင်းရွက် လည်းရှားပါးပြီး ဈေးအဆမတန်ကြီးနေတယ်။ ဒါကြောင့်ကိုယ်တိုင်စိုက်ပျိုးလိုတဲ့ဘယ်သူ့ကိုမဆို ကျွန်မတို့ မျိုးစေ့ထုတ်တွေအခမဲ့ပေးနေပါတယ်။ လာယူလို့၇ပါတယ်" ဟု Sandar Agro Shop မှတာဝန်ရှိသူတစ်ဦးကပြောသည်။



လက်ရှိလှူဒါန်းပေးနေသည့်မျိုးစေ့များမှာ ဗူးစေ့၊ ခရမ်းချဥ်စေ့၊ ကျောက်ဖရုံစေ့၊ ခရမ်းစေ့၊ ဂေါ်ဖီဖူးစေ့၊ဂေါ်ပီပွင့်စေ့များ ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၂၀ ကျော်ဖိုးအထိလှူဒါန်းပေးသွားမည်ဟု သူက ပြောသည်။

"ဒီလိုခက်ခဲကျပ်တည်းနေတဲ့ကာလမှာ တတ်နိုင်တဲ့ဘက်ကကူညီပေးတဲ့သဘောပါ။ လမ်းပန်း ဆက်သွယ်ရေးတွေပိတ်နေတဲ့အချိန်မှာ ပြည်မ
က လာမယ့် ဟင်းသီးဟင်းရွက်ကို မျှော်ကိုးမနေဘဲ ကိုယ့်ပြည်တွင်းမှာရသလောက်စိုက်ပျိုးရောင်းချစားသောက်နိုင်အောင်ပါ" ဟု ပြောသည်။

၇ခိုင်ပြည်သူများ အဘက်ဘက်က ကျပ်တည်းနေစဥ် ယခုကဲ့သို့ စေတနာထား၍ကူညီပေးသည်မှာ အလွန်ပင်အထောက်အကူဖြစ်ကြောင်း မင်းပြားမြို့မှ လူငယ်တစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲကာလအတွင်း ပြည်သူများအတွက်မရှိမဖြစ်လိုအပ်သောစားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ဈေးအဆမတန်မြှင့်ရောင်းချမှုများမပြုလုပ်ရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA)က သတိပေးခဲ့သော်လည်းရခိုင်မြို့နယ်များတွင် ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေသူများရှိနေကြောင်း ဒေသခံပြည်သူများက ပြောသည်။



စစ်တွေဒေသခံတစ်ဦးက "ULA/ AA ကဈေးနှုန်းတင်မရောင်းဖို့သတိပေးတယ်။ သတိပေးတော့ တချို့ဆိုင်ပိုင်ရှင်တွေကဈေးတင်မရောင်းရလို့ဆိုပြီး ပစ္စည်းတွေ သိုလှောင်ထားပြီး ထုတ်မရောင်းဘူး။ကိုယ့်ပစ္စည်းကိုယ်ရောင်းချင်မှရောင်းမယ်ဆိုတဲ့အချိုးမျိုးပေါ့။အဲဒီလိုမျိုးတွေလည်း အများကြီး ရှိနေပါတယ်" ဟု ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်တိုက်ပွဲစတင်ပြီးနောက်ရခိုင်ပြည်မှလမ်းပန်းဆက်သွယ်ရေးအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား၍ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ရခိုင်ပြည်သူများမှာ စားရေးရိက္ခာပြတ်လပ်ပြီးအတိဒုက္ခရောက်နေကြကြောင်း နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ဆိုလျှင် စစ်ကောင်စီကလမ်းပိတ်ဆို့မှုကြောင့် ဆန်ရိက္ခာ ပြတ်လပ်ပြီး အခြေခံလူတန်းစားပြည်သူများမှာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘဲဆန်ပြုတ်ပြုတ်သောက်နေကြ၇ကြောင်း  သိရှိ၇သည်။ (NN-23)

Sandar Agro Shop မှ မျိုးစေ့သွားရောက်ရယူနိုင်ရန်ဆက်သွယ်နိုင်သည့်ဖုန်း
09 966 250591

#မင်းပြား#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.