စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မအီရဲစခန်းက စခန်းမှ စခန်းမှူး အပါအဝင် ရဲ ၅ ဦး အေအေထံ အလင်းဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

(မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄ဦးလည်း ထွက်ပြေးနေရ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ရက္ခိုင့်တပ်တော်(AA)ထံ အလင်းဝင်သွားခဲ့သည်ဟု သတင်းရရှိသည်။

 လက်နက်ချသွားခဲ့ကြသည့် သူများမှာ စခန်းမှူး ရဲအုပ် ချစ်ထွန်း၊ ဒုရဲအုပ် ကျော်မင်းထွန်း တကက သိန်းနိုင် အပါအဝင် ရဲတပ်သား ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ဒေသခံတစ်ဦးက "အရင်တစ်ပတ်ကျော်လောက်ကဝင်တာပါ။ လက်ရှိအဲ့စခန်းမှာတာဝန်ယူထားတဲ့ ရဲအုပ်၊ စခန်းမှူးလို့ ပြောရမှာပေါ့။ လက်နက်တွေတော့မပါဘူးလို့ကြားတယ်။ ဒီအတိုင်း အလင်းဝင်လာကြတာပါ"ဟုပြောသည်။

စစ်ကောင်စီတပ်သည် မအီမြို့ရဲစခန်းတွင် နေရာယူထားပြီး မြို့ပေါ်က လူငယ်တစ်ချို့လည်း အဖမ်းခံထားရသည်ဟု ပြောသည်။


မအီမြို့ မှ လူငယ် တစ်ဦးက “ မြို့ပေါ်က လူငယ် အချို့ကိုလဲ စစ်တပ် တပ်ရင်းမှူးက ရဲကို ဖမ်းခိုင်းတယ်လို့ သိရပါတယ်။ သူတို့က မလုပ်နိုင်ဘူးဆိုပြီး ထွက်ပြေးကြတာပါ။ တပ်က ရဲစခန်းမှာ နေရာယူထားပါတယ်။ ထွက်ပြေးတဲ့စခန်းမှူးက အစ အားလုံးရခိုင်လူမျိုးတွေပါ”ဟု ပြောဆိုသည်။

 

မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများလည်း ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ပြောသည်။

 

“ ကျွန်တောတို့ မအီမြို့မှာ လူငယ်တချို့လည်း အဖမ်းခံထားရတယ်လို့ သိရပါတယ်။ စစ်သားတွေက လိုက်ဖမ်းနေတဲ့ အတွက်  မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတွေလည်း ထွက်ပြေးနေရပါတယ်။ မြို့ပေါ်မှာလည်း လူတွေ သိပ်မရှိတော့ဘူး”ဟု ဆက်ပြောသည်။

 

လက်ရှိတွင် အလင်းဝင်လာသူများနှင့် ပူးပေါင်းလာသူများကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားသည်ဟုလည်း AA နှင့်နီးစပ်သူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ (၁၃)ရက်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦးပါဝင်သော ရဲစခန်းတစ်ခုလုံးသည် AA ထံ လက်နက်များနှင့် အတူ အလင်းဝင်ရောက်သွားခဲ့သည်။

လက်ရှိအချိန်ထိ စစ်ကောင်စီက နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းအပါဝင် စခန်းပေါင်း (၄၀) နီးပါးကို AA ထံ စွန့်လွှတ်ခဲ့ရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က သတင်းထုတ်ပြန်ထားသည်။


မအီမြို့တွင် ယနေ့ ညနေ  ၅ နာရီ ၁၉ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများကို စတင်ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။ (NN-11) 

ဆက်စပ် သတင်းများ