သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အမ်းတွင် မိုင်းနင်းမိ၍ ၁၂ နှစ်အရွယ်သားဖြစ်သူသေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့အနီး ပဒေါက်ချောင်ကျေးရွာအနီးတင် ယနေ့နံနက်က မိုင်းကို နင်းမိ၍ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ၎င်း၏မိခင်မှာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

မိုင်းနင်းမိ၍သေဆုံးသွားသူမှာ မောင်ဇွဲနိုင်ထွန်း (၁၂) နှစ်ဖြစ်ပြီး ၎င်း၏မိခင် ဒေါ်သူဇာနှင့်အတူ ပဒေါက်ချောင်ကျေးရွာရှိ စစ်တပ်စခန်းချထားသည့် တောင်အောက်တွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ နံနက်က ဟင်းရှာသွားစဉ် စစ်တပ်ကထောင်ထားသည့် မိုင်းကိုနင်းမိကာ ဒဏ်ရာရသေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"အမ်း တပ်တောင်မှာ စစ်တပ်ကထောင်တဲ့မိုင်းနင်းမိတာ သားဖြစ်သူက သေသွားပါပြီ။ ကလေးကတော့ ပွဲချင်းပြီးသေသွားတာပါ။ အမေကိုတော့ ဆေးရုံတင်ထားရတယ်"ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

၎င်းကလေးငယ်နှင့်အတူပါလာသည့် မိခင်ဖြစ်သူမှာလည်း မိုင်းအပိုင်းအစများ ထိကာ ညာဘက်လက်တွင် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသည့် မိခင်ဖြစ်သူကို တပ်တောင် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုပေးနေရကြောင်း သိရသည်။ (NN-8)

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ