သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မောင်တော ဗောဓိကုန်း နယ်ခြားစောင့် စခန်းကို AA သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

(စခန်းတစ်ခုလုံးမီးလေင်နေသည်ကို အနီးအနား ဒေသခံများမြင်တွေ့ရဟုဆို)

နိရဉ္စရာ၊ နိုဝင်ဘာ၂၈/၂၀၂၃

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင်တည်ရှိသည့်  ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်လိုက်သည်ဟု သတင်းရရှိသည်။

မောင်တော-အငူမော်လမ်းရှိ ၎င်းစခန်းကို  နိုဝင်ဘာ ၂၈ ရက် ယနေ့ နံနက် ၆ နာရီကျော်တွင် အေအေက ဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နောက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု  မောင်တောဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ဝင်တိုက်နေတာကတော့ ဒီနေ့မနက်ကတည်းကပါ။ တိုက်ပွဲဖြစ်နေတာက ပြင်းထန်ခဲ့တယ်။ တစ်ခြား နယ်ခြားစောင့်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဝင်ရောက် ပစ်ကူခဲ့တာရှိတယ်။ ဒါပေမယ့် အေအေက သိမ်းသွားခဲ့ပါတယ် " ဟုပြောသည်။

တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ယနေ့ နိုဝင်ဘာ ၂၈ရက်နေ့ ည ၈ နာရီကျော်ခန့်လောက်တွင် ဗော‌ဓိကုန်း စခန်းကို မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

" မနက်ကတည်းက တိုက်ပွဲဖြစ်တယ်။ ခဏရပ်တယ်။ ပြီးတော့ စခန်းသိမ်းတယ်။ အဲ့စခန်းကို တပ်တော်ဖက်က မီးရှို့လိုက်လို့ ပြာကျသွားတယ်"ဟုပြောသည်။

ဗောဓိကုန်းစခန်းသည်  ကင်းချောင်း၊ ရွှေရင်အေး၊ ခရမြိုင်စသည့်  အင်အားနည်းစခန်းငယ်များအား ပေါင်းစု ထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့်မောင်တောမြို့နယ်မှ သရီကုန်ဘောင်၊ ကိုင်းကြီး၊ ရွှေရင်အေး၊ ခရေမြိုင်၊ ဗောဓိကုန်း စသည့်ကျေးရွာ ၅ ရွာမှဒေသခံရာနှင့်ချီထွက်ပြေးနေရကြောင်းသိရသည်။

ပြီးခဲ့သည့်  နိုဝင်ဘာ ၁၆ရက်‌‌ နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းရှိ ဒုံးညိုနယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။(NN-11) 

ပုံစာ- အငူမော်- မောင်တောကားလမ်းပေါ်တွင် တွေ့မြင်ရသည့် နယ်ခြားစောင့်ရဲကားများ။

ဆက်စပ် သတင်းများ