"လူနေရပ်ကွက်၊ ဈေးပါမကျန် ဗုံးကြဲတိုက်ခိုက်နေ၍ ပေါက်တောဈေးအပါအဝင် မီးလောင်မှုများ အကြိမ်ကြိမ်ဖြစ်ပွားနေ"
ရခိုင်ပြည်နယ် ပေါက်တောမြို့ ရက္ခိုင့်တပ်တော် (AA)လက်ထဲ မကျရောက်ရေးအတွက် စစ်ကောင်စီက ကြည်း၊ရေ၊ လေသုံးဖွဲ့ပေါင်းပြီး အကြီးအကျယ် ခုခံကာကွယ် တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
“လေယာဉ်နဲ့လည်း ဗုံးကြဲပါတယ်။ နေဗီကလည်း အမြောက်ကြီးတွေနဲ့ ပစ်ပါတယ်။ မနေ့ကဆိုရင်လည်း နေ့လယ် ၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲပါတယ်။ ဘဝမ်းရပ်ကွက်မှာ နေအိမ်တချို့ မီးလောင်သွားပါတယ်။ ဈေးလည်း မီးလောင်သွားတယ်။ မြို့ပေါ်မှာတော့ စစ်ကောင်စီအင်အား သိပ်မရှိတော့ သူတို့က လေယာဉ်တွေ၊ ရေတပ်တွေကို အများကြီး အသုံးပြုနေပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၅ရက်နေ့ ညတွင် ရက္ခိုင့်တပ်တော်က ပေါက်တောမြို့မရဲစခန်းအား သိမ်းပြီးနောက် နောက်တစ်နေ့တွင် ရဟတ်ယာဉ်များ၊ ရေတပ်နေဗီများဖြင့် ပေါက်တောမြို့ပေါ်ကို အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၎င်းနောက် အေအေက မြို့ပေါ်ကနေ တပ်ဆုတ်ပေးလိုက်ပြီးနောက် နိုဝင်ဘာ ၁၆ရက်နေ့တွင် ရွှေပြည်တန် ရေယာဉ်ဖြင့် စစ်သား ၁၀၀ခန့်နှင့် ရဲသား ၆၀ ခန့်အား ပေါက်တောသို့ ပို့ဆောင်ပြီး လောကထိပ်ပန်ဘုရားနှင့် မြို့မရဲစခန်းတို့ တွင်ပြန်လည် နေရာယူပြီး မြို့ခံလူထု ရာနှင့်ချီပြီး ဖမ်းဆီးကာ လူသားဒိုင်းကာ အဖြစ် အသုံးပြုရန် ထိန်းသိမ်းထားခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ပေါက်တောမြို့ထဲရှိ လောကထိပ်ပန်ဘုရားရင်ပြင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သည် အကျအဆုံးအများအပြားဖြင့် ပေါက်တောမြို့ ရဲစခန်းသို့ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတိုက်ပွဲနှင့် ပတ်သက်ပြီး အေအေက ရုပ်သံ သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတိုက်ပွဲအတွင်း အရပ်သားများထဲမှ လူပေါင်း(၁၀၀) နီးပါးကို အေအေက ကယ်ထုတ်နိုင်ခဲ့သလို နိုဝင်ဘာ ၂၂ ရက်နေ့တွင်ကလည်းကျန်ရှိနေသေးသော လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထား၇သည့် ပေါက်တောမြို့သူ မြိုသားများနှင့် နေအိမ်တချို့၌ပုန်းခိုနေကြသည့် မြို့ခံ စုစုပေါင်း ၁၀၄ ဦးကို ဒုတိယအကြိမ် ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်ကလည်း ပေါက်တောမြို့ထဲသို့ စစ်ကောင်စီ၏ နေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြို့ထဲတွင် ပထမအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း ပေါက်တောမြို့တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များ ထပ်မံကျရောက် ပေါက်ကွဲ၍ ပေါက်တောဈေးအနီး ဝန်းကျင်၌ မီးထပ်လောင်ခဲ့ကြောင်း သိ၇သည်။
နိုဝင်ဘာ ၂၆ ရက်၊ ညနေပိုင်းကလည်း စစ်ကောင်စီက ပေါက်တောမြို့ကို ဒရုန်းဗုံးနှင့် တိုက်ခိုက်ခဲ့သဖြင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများလည်းရှိခဲ့သည်။
၎င်းနေ့ နိုဝင်ဘာ ၂၆ရက်နေ့တွင်ပင် စစ်ကောင်စီ ကမ်းထိုးရေယာဉ် တစ်စီးဖြင့် ပေါက်တောမြို့ပေါ်သို့ စစ်ကူ ၁၀၀ ခန့် လာပို့သော်လည်း ရက္ခိုင့်တပ်တော်က ကမ်းပေါ်က ဆီးကြိုတိုက်ခိုက်သဖြင့် အကျအဆုံးများဖြင့် ကမ်းမကပ်နိုင်ဘဲ ပြန်လှည့်သွား၇သည်ဟု ပေါက်တောမြို့ ဒေသခံ တစ်ဦးကပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်တွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်၊နံနက် ၁၀ နာရီခွဲခန့်က စစ်တွေ အခြေစိုက် ရဲတပ်ရင်း (၁၂)နဲ့ စစ်ရေယာဉ်တို့ကနေ လက်နက်ကြီးများနှင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ပေါက်တောမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ပေါက်တောကိုနေဗီက ဆက်တိုက်ပစ်နေတာ။ စစ်တွေဘက်ကလည်း ပစ်ပါတယ်။ လေယာဉ်နဲ့ အဆက်မပြတ်လာပစ်ပါတယ်။ နေ့တိုင်းလာပစ်ပါတယ်။ အဓိကတော့ ပေါက်တောမြို့ မကျရေးအတွက် အကြီးအကျယ် ခုခံနေတာပါ။ အကယ်၍ သူတို့ စစ်ကောင်စီက မြို့ကို ထိန်းထားနိုင်တယ်ဆိုရင် ဒီလို လေယာဉ်တွေနဲ့ ဗုံးကြဲ၊ ရေတပ်က လက်နက်ကြီးနဲ့ ပစ်စရာ အကြောင်းမရှိပါဘူး”ဟု ပြောသည်။