စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်က အခြေခံပညာကျောင်းများကို မပျက်မကွက်ဖွင့်လှစ်သင်ကြားရန် ပြည်နယ်ပညာရေးမှူးညွှန်ကြား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်မှ မြို့နယ် အချို့တွင်  တိုက်ပွဲများ ဖြစ်ပွားနေပြီး တစ်ခြား တစ်ဖက်တွင်လည်း စစ်ကောင်စီ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် မြို့ထဲ ရွာထဲ ပစ်ခတ်နေသဖြင့် ရခိုင်ပြည်သူ အများအပြားကြောက်လန့် ထွက်ပြေးနေရချိန်တွင်  အခြေခံပညာကျောင်းများ မပျက်မကွက် ဖွင့်လှစ် သင်ကြားရန် ပြည်နယ်ပညာရေးမှူးက စာထုတ် ညွှန်ကြားလိုက်သည်ဟု သိရသည်။

အဆိုပါစာသည် နိုဝင်ဘာ ၂၃ ရက် ရက်စွဲဖြင့် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က လက်မှတ်ရေးထိုးပြီး ခရိုင်၊ မြို့နယ်သို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

စာထဲတွင် "ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်ထားရှိပြီး အချို့သောမြို့နယ်များတွင် လတ်တလောအခြေအနေအရ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ ကျောင်းတက်ရောက်ပညာသင်ကြားမှုရှိစေရေးအတွက် မြို့နယ် ပညာရေးမှူးများက အခြေခံပညာကျောင်းအုပ်ကြီးများအား အထူးကြပ်မတ် ဆောင်ရွက်သွားရန် အကြောင်းကြားပါသည်"ဟု ဖော်ပြထားသည်။

အလားတူ ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိရုံးအပါအဝင် မြို့နယ်ပညာရေးမှူး ရုံးများ၊ အခြေခံ ပညာကျောင်းများရှိ ဝန်ထမ်းများအားလုံး ကျောင်း/ရုံးများ၌ မပျက်မကွက် တက်ရောက် စေရေး အလေးထားကြီးကြပ်ဆောင်ရွက်ရန်နှင့် ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်စေရန်လည်း စာထဲတွင် ဖော်ပြထားသည်။

ရခိုင်မှတိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များတွင် လက်ရှိအခြေနေအရ စာသင်ကျောင်း များအား အစိုးရ ညွှန်ကြားချက်ဖြင့် တရားဝင်ပိတ်ထားသည် မဟုတ်သော်လည်း ဒေသခံများသည် စစ်ဘေး ရှောင်နေရသည့်အတွက် ကျောင်းများကို ယာယီ ပိတ်ထားရသည်ဟု မြောက်ဦးမြို့နယ်၊
(------) ရွာမှ မူလတန်းပြကျောင်းဆရာမ တစ်ဦးက နိရဉ္စရာကိုပြောသည်။

"ခုချိန်မှာ အသက်ထက်
ဘာတစ်ခုမှအရေးမကြီးဘူး။ ကျောင်းတက်ခိုင်းချင်ရင် ပညာရေးမှူးနဲ့ သက်ဆိုင်ရာတွေ ကျမတို့ကိုလုံခြုံအောင်လုပ်ပေးရမယ်။ သူတို့ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးမှ တက်ခိုင်းရမယ်"ဟု ပြောသည်။

ယင်းအပြင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် နိုဝင်ဘာ ၁၃ ရက်မှစ၍ မြို့နယ် အနှံ့အပြားတွင် စစ်ကောင်စီက လက်နက်ကြီး များဖြင့် ရမ်းသန်း ပစ်ခတ်မှု များလည်း ရှိလာခြင်းကြောင့် ကျောင်းနေသည့် ကလေးငယ်များ အပါအဝင် ကျောင်းဆရာ/ဆရာမများသည်လည်း တိုက်ပွဲရှောင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊  
----- အထက်တန်းကျောင်းမှ ကျေးရွာမှ ကျောင်းဆရာ တစ်ဦးက နိရဉ္စရာကိုပြောသည်။

"လက်နက်
ကြီးနဲ့ နေ့တိုင်းလိုလိုပစ်တယ်။ ဘယ်ကျောင်းကိုတက်ရဲပါ့မလဲ။ ပြည်နယ် ပညာရေးမှူးလည်း အခြေအနေကို သိမှာပါ။ နေပြည်တော်က ခိုင်းရင် ရခိုင်က ဘယ်ဝန်ထမ်းမဆို သူတို့ ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ရတာပါပဲ "ဟု ပြောသည်။

ယင်းအပြင် စစ်တွေမြို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုများ ရှိလာသဖြင့် မိဘများမှာစိုးရိမ်၍ သားသမီးများကို ကျောင်းမလွှတ်ရဲကြဟု စစ်တွေမြို့နယ်၊ ကျေးတောရွာမ ကျေးရွာမှ ဒုတိယတန်းကျောင်းသား မိခင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"ခုအခြေနေက စစ်တွေမှာလည်း ပိုဆိုးလာတယ်။ မနေ့ကလည်း လက်နက်သံတွေ ကြားတယ်။ ဒီအခြေနေမှာ ကျောင်းဖွင့်ရင်တောင် ကလေးကိုကျောင်းမပို့နိုင်ပါဘူး" ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်နှင့် ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါက်တာထွန်းထွန်းသိန်းတို့ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိပြီး လက်ရှိ တိုက်ပွဲများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မအီ၊ ရမ်းဗြဲဘက်တို့မှ ကျောင်းများ ရာနှင့် ချီပိတ်ထားကြောင်း သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ