အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မြန်မာတပ်မတော်က ရခိုင်ပြည်တွင် ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

လက်တွေ့ မြေပြင်တွင် မြန်မာအကြမ်းဖက်စစ်တပ်က ရခိုင်ပြည်သူများ နေထိုင်ရာ မြို့ပြ ကျေးလက် ရွာငယ်ဇနပုဒ်ပါ မကျန် လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဉ် ပစ်ခတ်နေသည်ကို ဖုံးကွယ်ပြီး မြန်မာတပ်မတော်သည် ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမ  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာက ယနေ့ လိမ်လည် သတင်းထုတ်ပြန်သည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)က  ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ​ယနေ့အထိ အရပ်သား ပြည်သူအမျိုးသမီးလေးဦး၊ အမျိုးသားရှစ်ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာန) ကို ကိုးကားပြီး သတင်းထုတ်ပြန်မှုနှင့် ပတ်သက်ပြီး တုံ့ပြန်ရာတွင် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။

မြန်မာ့အလင်းသတင်းစာတွင်  ရခိုင်ပြည်နယ်အတွင်း စစ်တပ်ကလက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ​ယနေ့အထိ အရပ်သား ပြည်သူအမျိုးသမီးလေးဦး၊ အမျိုးသားရှစ်ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရသိရှိရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနက သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံအတွင်း မတည်မငြိမ် ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများလုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့် အပြင် တပ်မတော်နှင့်ပြည်သူများအကြားသွေးကွဲစေရန်၊ နိုင်ငံတကာ မျက်နှာစာတွင် တပ်မတော်အားအထင်အမြင်လွဲမှားစေရန် အတွက်လည်း နည်းလမ်းမျိုးစုံအသုံးပြုကာ သွေးခွဲသပ်လျှိုလျက်ရှိကြောင်း ဖော်ပြသည်။

၎င်းပြင် တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရောက်ရေးတို့အတွက် အကြမ်းဖက် သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation) ကို တိကျစွာလိုက်နာ ဆောင်ရွက်လျက် ရှိပြီး ယခုတရားမဝင် ပြည်ဖျက် မီဒီယာက ရေးသားထားသည့် သတင်း မှာ မှန်ကန်မှုမရှိဘဲ တပ်မတော်မှ ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်း ဖက်သောင်းကျန်းသူများသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် ပြည်သူများ နေထိုင်ရာမြို့၊ရွာများကို ရည်ရွယ်ချက်ရှိစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းသာရှိပြီး ထိုသို့ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စသဖြင့် ဖော်ပြထားသည်။

ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ဒါက မြန်မာစစ်တပ်က ရခိုင်ပြည်မှာ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ပြောင်းပြောင်းတင်းတင်း လုပ်ဆောင်လာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို လေယာဉ်နဲ့ ပစ်တယ်။ ရေတပ်ကပစ်တယ်။ မြေပြင်က အမြောက်ကြီးနဲ့ လှမ်းထုတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဘယ်လောက်ထိ အတိဒုက္ခရောက်တယ်ဆိုတာ ရခိုင်လူထုတစ်ရပ်လုံး မျက်ဝါးထင်ထင် ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တယ်။ ဒါကို တပ်မတော်က မကျူးလွန်ပါဘူးလို့ ထုတ်ပြန်တာဟာ လိမ်လည်တာသာမက ရခိုင်ပြည်သူတစ်ရပ်လုံးကို စော်ကားတဲ့ လုပ်ရပ်ဖြစ်သလို ရှေ့မှာလည်း  အများကြီး ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်မယ်ဆိုတဲ့ သဘောလို့ နားလည်လို့ ရပါတယ်ဟု ပြောဆိုသည်။

မြန်မာ့စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူနေကျေးရွာ၊  ရပ်ကွက်များသို့ လေယာဉ်များဖြင့် ဗုံးကြဲချခြင်း၊ ရေတပ်ကအမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင် ကြည်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက် ကျူးလွန်ပြုလုပ်လျက်ရှိသည်။

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက် အထိ (၈) ရက် အတွင်း အရပ်သား (၁၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၅၀)ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ပိုင်းတွင်လည်း စစ်ကောင်စီက ပစ်ခတ်သည့် ကျည်ထိမှန်သေဆုံးသူများ ရှိသဖြင့် အရေအတွက်မှာ ယခုထက်များပြားနိုင်ပြီး စစ်ဘေးရှောင် အရေအတွက်မှာလည်း သိန်းကျော်ရှိသွားပြီဟု သိရှိရသည်။  

 


ဆက်စပ် သတင်းများ