သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စစ်ကောင်စီကပစ်သည့် သေနတ်ကျည်ထိ၍ အပြောနှင့်အကြားအာရုံမသန်စွမ်းသည့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ယနေ့မွန်းတည့်က စစ်ကောင်စီက ပစ်ခတ်သည့် သေနတ်ကျည်ထိ၍ အပြောနှင့်အကြားအာရုံမသန်စွမ်းသည့် စစ်ဘေးရှောင်အမျိူးသားတစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

သေနတ်ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားမှာ ဘူးသီးတောင်မြို့၊ လမ်းမဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အပြောနှင့်အကြားအာရုံမသန်စွမ်းသည့် အသက် ၆၀ အရွယ် ဦးကျော်ဇောလှဖြစ်သည်။

၎င်းသည် ယနေ့ ဒီဇင်ဘာလ ၁ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က စစ်ဘေးရှောင်စခန်းရှိ သန့်စင်ခန်းသို့ သွားရာလမ်းတွင် စစ်ကောင်စီကပစ်သည့် သေနတ်ကျည်ထိ၍ ၎င်း၏ညာဘက်ပေါင်ရင်း၌ ဖောက်ထွင်းဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း လမ်းမဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းနေသူတစ်ဦးက ပြောသည်။

"မြို့အဝင်ဂိတ်ဘက်က ပစ်တာကြားလိုက်တယ်။ ကျနော်တို့နေတဲ့စစ်ဘေးရှောင်စခန်းနဲ့က ဝေးတယ် အဲဒီဂိတ်က။ ဒဏ်ရာက ပေါင်ဟိုဘက်ဒီဘက်ကို ဖောက်ထွက်သွားပါတယ်။ သူကအိမ်သာကိုသွားတဲ့အခါမှာ ကျည်ကျသွားတယ်။ ကျနော်တို့ခန့်မှန်းရသလောက် ဒါကသေနတ်ကျည်ပါပဲ။ ကျနော်တို့ဘက်မှာ လက်နက်ကြီးပေါက်တာလည်းမရှိဘူး။ လက်နက်ကြီးအသံကိုက အဝေးကကြားရတယ်" ဟုပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် စစ်ဘေးရှောင်အမျိူးသားအား ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

၎င်းစစ်ဘေးရှောင်ထံ ကျည်ထိသည့်အချိန်တွင် ဘူးသီးတောင်မြို့အဝင် စစ်ကောင်စီဂိတ်မှ လက်နက်ကြီးပစ်ခတ်သံများနှင့် လက်နက်ငယ်ပစ်ခံသတ်များကို ကြားခဲ့ရသည်ဟုလည်း နောက်ထပ် ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

"သူတို့(စကစ)က တစ်ဖက်သတ်ပစ်နေတာပါ။ လက်နက်ကြီး၊ လက်နက်ငယ်တွေရောပဲ။ ဒီကလူတွေက ပေါက်သံကြားတော့ ဈေးတွေဘာတွေပိတ်ပြီး သတိအနေအထားနဲ့နေနေကြရတယ်" ဟု ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့ မြို့အဝင်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ထွက်ပေါ်ခဲ့သည့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများမှာ ရပ်တန့်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယနေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်းနှင့် လေကြောင်းပစ်ခတ်မှုတို့ကြောင့် သေဆုံးသွားရသည့် ဒေသခံ ၂၃ ဦးရှိပြီး ဒဏ်ရာရရှိထားသူအရေအတွက်မှာ ၇၆ ဦးအထိရှိပြီဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနက ကောက်ယူထားသော စာရင်းအရသိရသည်။

 

 

ဆက်စပ် သတင်းများ