စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပေါက်တောမြို့ကို ပြန်ထိန်းချုပ်ရန် ရောက်ရှိလာသောစစ်သားများ ရာနှင့်ချီပြီး ချေမှုန်းခံရပြီးနောက် မြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီက အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6.3k

ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ရန် ရောက်ရှိလာသည့် စစ်သားနှင့် ရဲ ၁၇၀ ခန့်အထဲမှ ရာနှင့်ချီပြီး  ရက္ခိုင့်တပ်တော် (AA)၏ တိုက်ခိုက် ချေမှုန်းခြင်းကိုခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ပေါက်တောမြို့အား မြေပြင်၊ ဝေဟင်နှင့် ရေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သလို ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း အကြိမ်ကြိမ် ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့ အခြေအနေအား အနီးကပ် စောင့်ကြည့်နေသူ ဒေသခံတစ်ဦးက “ လောကထိပ်ပန် ဘုရားမှာ နေရာယူထားတဲ့ စစ်သားတွေလည်း အကုန်လုံးချေမှုန်းခံရတယ်။ ပေါက်တောမြို့မ ရဲစခန်းမှာ နေရာယူထားတဲ့ စစ်သားတွေကိုလည်း အေအေက ဝင်ရောက်တိုက်ခိုက်လို့ တစ်ယောက်မှ မရှိတော့ဘူး။ စုစုပေါင်း တပ်အင်အား ၁၇၀ လောက်ပါရာမှာ တစ်ရာကျော် ချေမှုန်းခံလိုက်ရပြီ” ဟု ပြောဆိုသည်။

လက်ကျန် စစ်သားအနည်းငယ်သည် ပေါက်တောမြို့ထဲမှ တိုက်အိမ်များတွင် ပုန်းအောင်းနေပြီး ဆိုင်ခန်းများကို ဖောက်ထွင်းကာ မုန့်များကို ယူဆောင်စားသုံးကာ အသက်ရှင်နေကြသည်ဟု ဆိုသည်။

“တပ်သားအများအပြားချေမှုန်းခံရတယ်။တချို့ အေအေရဲ့ စနိုက်ပါ မိသွားတယ်။  တချို့က ထွက်ပြေးတယ်။ တချို့က လက်နက်ချတယ်။ ပေါက်တောမှာ ရှိတဲ့ တပ်က ပျက်သွားပြီ။ တပ်ကူလည်း လာလို့ မရဘူး။ နောက်ဆုံးအဆင့် အနေနဲ့ မြို့ကို လာပြီး လေယာဉ်နဲ့ ဗုံးကြဲတယ်။ မြစ်ထဲက နေဗီကနေ အမြောက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ဟို စစ်တွေ ရဲတပ်ရင်း (၁၂) ကလည်း ဒုံးကျည်တွေနဲ့ ပစ်တယ်။ ဒီအဆင့်ဘဲ သူတို့လုပ်နိုင်တယ်”ဟု ၎င်းက ပြောသည်။



 

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဂျက်တိုက်လေယာဉ်များနှင့် နှစ်ကြိမ်တိတိ ဗုံးလာကြဲချသလို ရဟတ်ယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဆိုသည်။


“ မနေ့က မနက် ၁၁ နာရီ လောက်မှာ ဂျက်တိုက်လေယာဥ်က ဗုံးကြဲချတယ်။  ဂျက်တိုက်လေယာဥ်  ၂ ကြိမ်လာတယ်။ ဗုံးသုံး ၃ လုံးလောက် ချသွားတယ်။ ပီးရင် ၁၁ နာရီကျော် ၁၂ နာရီလောက်မှာ ရဟတ်ယာဥ် လာတယ်။ ပေါက်တော မြို့ပေါ်ကနေ ဗုံးတစ်လုံးကြဲချသွားတယ်။ နေရာ နှစ်ခုလောက်မှာ မီးလောင်သွားတာ မြင်တွေ့ရတယ်” ဟု ပြောသည်။

 

ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ပေါက်တောမြို့အား  ပိတ်ဆို့ တိုက်ခိုက်နေသည့်ကြားမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းကိုခံထားရသည့် ကျန်ရှိနေသေးသော ပေါက်တောမြို့သူမြို့သားများအား ရက္ခိုင့်တပ်တော်က ဆက်လက်ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်ခဲ့သည်။

 

ပေါက်တောမြို့ ရဲစခန်းကို  နို၀င်ဘာ ၁၅ ရက် ညအချိန်က အေအေက ဝင်ရောက်သိမ်းပိုက်ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပေါက်တောကို ပြန်လည် ထိန်းချုပ်ရန် စစ်သားနှင့် ရဲ ၁၇၀ ခန့်အား ရွှေပြည်တန်အမြန်ရေယာဉ်နှင့် ဇက်စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့သည်။

 



ယင်းနောက်ပိုင်းတွင် ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်လာပြီး သောင်းနှင့်ချီရှိသော မြို့ပေါ် နေပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသလို ကျန်ရှိနေသည့် အရပ်သားများအားလည်း အကြမ်းဖက် စစ်ကောင်စီတပ်က လူသားဒိုင်းကာလုပ်ရန် ဖမ်းဆီးထားခဲ့သည်။

 

ယင်းနောက်ပိုင်း အေအေက ပေါက်တောမြို့ရှိ စစ်တပ်တပ်စွဲထားသည့်နေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ဖမ်းဆီးထားသူများကို သုံးကြိမ်တိုင်တိုင် ကယ်ထုတ်ခဲ့ရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ ချေမှုန်းခံခဲ့ရပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း အထိအခိုက် အကျအဆုံးတချို့ရှိခဲ့သည်ဟု သိရသည်။

 

ဒီဇင်ဘာ ၂ ရက်နေ့တွင် ရေတပ်နှင့် စစ်တွေတပ်နယ်တချို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတချို့ရှိသလို မြို့ပေါ်နေရာအချို့တွင်လည်း မီးလောင်မှုများရှိနေသော်လည်း မြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများ မကြားခဲ့ရဟု ဒေသခံ သတင်းရစ်မြစ်တစ်ခုက ပြောဆိုသည်။(NN-30)

ဆက်စပ် သတင်းများ