၁၀၂၇ စစ်ဆင်ရေး (၃ရ) ရက်မြောက်နေ့ ၇ခိုင်ပြည်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ရာတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြို့ထဲတွင် အရပ်သားပြည်သူ များအား ဓါးခံစာအဖြစ် ပြန်ပေးဆွဲထားသော စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။
ပေါက်တောမြို့ တိုက်ပွဲအတွင်း အထိနာနေသောရန်သူသည် မိမိတို့အား ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးအနေအထားဖြင့် တန်ပြန်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။
၎င်းပြင် စစ်ကောင်စီ၏ ပြန်ပေးဆွဲ၍ လူသားဒိုင်းကာအဖြစ် မြို့တွင်းပိတ်မိနေသော ကျန်ရှိနေသေးသော မြို့ခံပြည်သူများအား အန္တရာယ်ကင်းစွာ ဆက်လက်ကယ်ထုတ်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ စွမ်းစွမ်းတမံကယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ ညနေ(၃း၃၀) အချိန်ခန့်တွင် ပလက်၀မြို့နယ်၊ တရွန်အိုင်ကျေးရွာအနီးအား စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရွန်အိုင်ရွာဟောင်း မီးလောင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂) ရက်နေ့၊ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းတောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအား လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း (၁၅) ရွာခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ နေ့လယ် (၁) အချိန်ကလည်း ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ နန်းတက်ကျွန်းရွာနှင့် စိုင်းတုတ်ရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၎င်းကျေးရွာ များမှ နေအိမ်အချို့ ပျက်စီးသွားခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပေါက်တောမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။