Preview

ပုဏ္ဏားကျွန်း ရဲရိုးပြင်ရွာကို စစ်ကောင်စီက မီးရှို့ပြီးနောက် ခမောင်းတောရွာကိုလည်း ထပ်မံမီးရှို့

ဒီဇင်ဘာ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :5622
ရခိုင် သတင်း

(ရေတပ်စစ်ရေယာဉ်က လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ပြီး ကျေးရွာတွင်းကိုစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက် မြန်မာစစ်တပ်မှမီးရှို့ပြီးနောက် ခမောင်းတောကျေးရွာကိုလည်း ယနေ့ညနေ ၄ နာရီကျော်ခန့်ကစစ်ကောင်စီတပ်သားများ ဝင်ရောက်ကာ ထပ်မံ မီးရှို့လိုက်သည်ဟု ဒေသခံများက ပြောသည်။

 

ယင်းအနီးအနားရှိ ဒေသခံတစ်ဦးက "ခမောင်းတောရွာကိုလည်းသူတို့(စစ်သား)တွေ မီးရှို့လိုက်ပါပြီ။ ဒေသခံတွေ အထိအခိုက်ရှိမရှိကိုတော့မသိရသေးဘူး။ ရွာသားတွေကတော့ ထွက်ပြေးနေကြတယ်" ဟုပြောသည်။

 

နောက်ထပ်ဒေသခံတစ်ဦးက "စစ်တပ်က မီးရှို့တာပါ။ဘာတိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လာလို့ မီးရှို့တာပါ။ ၄နာရီခွဲ လောက်ကပါ။ ရဲရိုးပြင်ကို အရင်ရှို့တယ်။ ပြီးရင် ခမောင်းတောကိုရှို့တာ။တစ်ခုမှ မကျန်တော့ဘူး။ အားလုံးကို ရှို့နေတာ။အောက်က နေဗီကပစ်တယ်။ ကုန်းကြောင်းစစ်သားတွေက ရွာကိုဝင်ပြီးတော့လည်း ရှို့တယ်" ဟု ပြောသည်။

 

 အဆိုပါခမောင်းတောကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးမရှို့မီ ယင်းကျေးရွာအနီးရှိရဲရိုးပြင် ကျေးရွာကိုလည်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်က ယနေ့ နေ့လယ် ၂နာရီခန့်တွင် ပထမ ဝင်ရောက်မီးရှို့ခဲ့သည်။

 

အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်တပ်ကမီးရှို့လိုက်သော ကျေးရွာနှစ်ရွာသည်စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်းနှင့် တစ်ဖက် တစ်ကမ်းတွင်ရှိသောကျေးရွာများဖြစ်သည်။

 

ယနေ့နေ့လယ် နှစ်နာရီခွဲကျော်ခန့်က ရွှေမင်းဂံ ရေတပ်စခန်းမှဇက်ရေယာဉ်ဖြင့် စစ်ကောင်စီတပ်သားများက ရောက်ရှိကာ ကျေးရွာနှစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုသိ၇သည်။

 

ပထမတွင် ရဲရိုးပြင်ကျေးရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက် မီးရှို့ပြီး ခမောင်းတောကျေးရွာသို့ကုန်းကြောင်းဖြင့် ဆက်လက်ထွက်ခွာခဲ့ကာ ယင်းကျေးရွာသို့ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိတွင် အဆိုပါရွာနှစ်ရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်းသိ၇သည်။ ညနေ ၅ နာရီခန့်တွင်လည်း စစ်တွေမြို့နယ်၊ ရွှေမင်းဂံ ရေတပ်စခန်းမှ လက်နက်ကြီးများဖြင့်အဆိုပါကျေးရွာများဘက်သို့ ပစ်ခတ်နေကြောင်း စစ်တွေမြို့ခံများက ပြောသည်။

 

အဆိုပါကျေးရွာများမှ ဒေသခံ တချို့ထက်ဝက်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နှင့်၂၇ ရက်ကတည်းက ကျေးရွာမှ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ပြီး ရွာထဲတွင် ဒေသခံအနည်းအကျဉ်းသာကျန်ရှိခဲ့ကြောင်း သိ၇သည်။ ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်ကလည်း စစ်တွေမြို့နယ်၊ ရွှေမင်းဂံရေတပ်စခန်းကပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ၎င်းရွာသို့ကျရောက်ခဲ့သော်လည်း အထိအခိုက် တစ်စုံတစ်ရာမရှိခဲ့ကြောင်းရွာသားများကပြောသည်။

 

 ပြီးခဲ့သည့်နိုဝင်ဘာ ၂၆ ရက်၊ နေ့လယ် ၃ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က ဒရုန်းနှင့် ပစ်ခတ်ပြီးနောက်ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

နိုဝင်ဘာ ၂၇ ရက်၊ ညဉ့် ၂ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က ဒရုန်းနှင့်ပစ်ခတ်ခဲ့သည့်အတွက်ရဲရိုးပြင် ဘုန်းကြီးကျောင်း မီးလောင်ပြာကျဖြစ်ခဲ့၇သည်။

 

 ယခုကဲ့သို့စစ်ကောင်စီမှ လက်နက်ကြီးအပါအဝင် ဒရုန်းနှင့်ပါ ပစ်ခတ်မှုကြောင့် ရဲရိုးပြင်အနီးတဝိုက်မှကျေးရွာများဖြစ်ကြသည့် အောင်မြေကုန်း၊ အောင်ဇေယျ၊ ခမောင်းတော၊ ရဲရိုးပြင်၊ဆားတောင်ပုတ်၊ ကန်ချောင်းစသည့်ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်ဟု သိ၇သည်။ (NN-8/13) ဓာတ်ပုံ- ပေးပို့

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.