မြောက်ဦးမြို့မှ စစ်ကောင်စီဌာပိုင် မော်တော်ယာဉ် (၉) စီးကို ရက္ခိုင့်တပ်တော်(AA) က ယူဆောင်သွားပြီး ထိုသို့ ယူဆောင်သွားခြင်းမှာ ရခိုင်ပြည်သူလူထုကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်၇သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြောကြားရာ၌ ထိုသို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်သည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနဦးစီးဌာနလက်အောက်ရှိ ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ် ၃ စင်း၊ ခရိုင်ဖွံ့ဖြိုးရေးအတွက်အသုံးပြုနေသည့် ယာဉ်များ၊ ကျေးလက်ဦးစီးဌာပိုင်ယာဉ်နှင့် သာသနာရေးဦးစီးဌာနပိုင်ယာဉ်များကိုလက်နက်ငယ်များနဲ့ ခြိမ်းခြောက် ၇ယူသွားပြီး ၎င်းတို့ အဖွဲ့အတွက် သုံးစွဲနေကြာင်း ပြောဆိုသွားခဲ့သည်။
၎င်းပြင် သူက “ မြောက်ဦးခရိုင်ဆိုတာသည် ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ ကမ္ဘာအမွေအနှစ် စာရင်းဝင်အောင် လုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ယာဉ်တွေကို ယူဆောင်သွားပြီး အဖွဲ့အတွက်အသုံးချခြင်းသည် ဒါ ရခိုင်ပြည်သူလူထုကိုတိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ်တယ်လို့ဘဲ ကျနော်ပြောချင်ပါတယ်”ဟု ဆိုသည်။
ယနေ့ ရှင်းလင်းပြောကြားရာတွင် ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ် "ရဲရိုးပြင်ကျေးရွာ"နှင့် “ ခမောင်းတော” ကျေးရွာ နှစ်ရွာအား ၎င်းတို့ မြန်မာစစ်တပ်က လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ပြီး မီးရှို့သော စစ်ရာဇဝတ်မှုကျူးလွန်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီးတစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိခဲ့ပါ။
စစ်ကောင်စီသည် ရခိုင်ပြည်နယ် အတွင်း လူနေ ရပ်ကွက်၊ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ရေတပ်နေဗီများဖြင့်ပစ်ခတ်ခြင်း၊ စစ်သားများကိုယ်တိုင် ကျေးရွာများအထဲသို့ ဝင်ရောက်ပြီး မီးရှို့ လူသတ်မှုလုပ်ငန်းများကိုပြောင်ပြောင်းတင်းတင်း ကျူးလွန်လာနေသဖြင့် ရခိုင်လူထုတစ်ရပ်လုံး စစ်ကောင်စီတပ်ကို အကြီးအကျယ်အမုန်းပွားနေချိန်တွင် ယခုလို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလာခြင်း ဖြစ်သည်။
၎င်းပြင် ရခိုင်တွင် တိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိသည်ကို ရခိုင်ပြည်သူလူထု တစ်ရပ်လုံးကသိရှိထားပါလျှက် လုပ်ဆောင်သယောင် ဝါဒဖြန့်ပြောဆိုသွားခဲ့သည်။
စစ်ကောင်စီ၏ ကြိုတင်ပြင်ဆင်မှု၊ အသိပေးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် လူအသေအပျောက် အနည်းဆုံးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ အထင်ရှားဆုံးပြရလျှင် ရခိုင်ပြည်နယ် အနေဖြင့် ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၇ခိုင်ပြည် အမြန်ဆုံးနလံထူထောင်လုပ်နိုင်ခဲ့ကြောင်း၊ အမြန်ဆုံး ကဏ္ဍအသီးသီးကို လုပ်ငန်းများ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်ကို တစ်တိုင်းတစ်ပြည်လုံးအမြင်ဘဲဖြစ်ကြောင်း စသဖြင့်လည်း ၎င်းက လျှောက်ပြောသွားခဲ့သည်။
၎င်းပြင် ၇ခိုင်ပြည်နယ်နှင့် ပတ်သက်လာပြီး ကြီးကြီးကျယ်ကျယ်ပြောဆိုနေသော အေအေအဖွဲ့သည် မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီးဘာများလုပ်ခဲ့ဖူးသလဲဟုဆိုကာ မေးခွန်းလည်း ထုတ်သွားခဲ့သည်။
ရခိုင်ပြည်နယ် စစ်ရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်ယခင် အပတ်ကဖြစ်နေခဲ့သည့် တရွင်အိုင်စခန်းကို ယနေ့တွင်လည်း ပြန်လည်တိုက်ခိုက်လာကာ လက်နက်ကြီးပစ်ကူလေကြောင်း ပစ်ကူများဖြင့် စစ်ကောင်စီတပ် ခုခံနေ၇သည်ဟု ပြောဆိုသွားသည်။ ( NN-30)