Preview

မြန်မာစစ်တပ်က မီးရှို့၍ ပုဏ္ဏားကျွန်း ရဲရိုးပြင်ရွာတွင်အိမ်ခြေ ၁၃၀ ခန့် မီးလောင်ပြာကျပြီး ခမောင်းတောရွာတွင် နေအိမ် ၆ လုံးခန့် မီးလောင်ပျက်စီး

ဒီဇင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1250
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်မှ  ရဲရိုးပြင်ရွာတွင် အကြမ်းဖက်မြန်မာစစ်တပ်က မီးရှို့၍ နေအိမ် ၁၃၀ ခန့် မီးလောင် ပြာကျပြီး ၎င်းရွာအနီးရှိခမောင်းတောရွာတွင် အိမ် ၆ လုံး ပျက်စီးသွားသည်ဟု ရွာသားများက ပြောကြားသည်။

"  မနေ့က နေ့လယ်မှာ  ရွာကိုသေနတ်ဖောက်ပြီး စစ်သားတွေဝင်တယ်။ ရွာကိုမီးရှို့တယ်။ အိမ်ခြေ ၁၆၀ရှိတဲ့ ရွာမှာ ၃၀ လောက်ဘဲကျန်တယ်။ ကျန်တဲ့ အိမ်တွေက  မီးလောင်ပြာကျသွားတယ်။ သူတစ်ပါး အသိုက်အမြုံကို ဖျက်ဆီးတာဟာမကြာခင် ဒီကောင်တွေရော မိသားစုတွေပါ ဝဋ်လည်မယ်”ဟုရွာသားတစ်ဦးက ပြောသည်။

 စစ်ကောင်စီ၏လုပ်ရပ်ကြောင့် နေအိမ် အများအပြားမီးလောင်ပြာကျသွား၍ နေစရာ နေရာလည်း မရှိတော့ကြောင်း ရဲရိုးပြင်ရွာ မှတာဝန်ရှိသူတစ်ဦးကနိရဉ္စရာကိုပြောသည်။

" အိမ်ခြေလေးပုံ သုံးပုံလောက် ပြာကျသွားတယ်။ ဒီလိုလုပ်ရပ်တွေကိုကမ္ဘာကသိအောင် ချပြပေးကြပါ။ ရွာသားတွေအငတ်ငတ်အမွတ်မွတ်နဲ့အသက်လု ထွက်ပြေးသွားကြရတဲ့ ရွာသားတွေရဲ့အဖြစ်တွေကို။ ဒီ စစ်တပ်ကြောင့်လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံး၇တာလည်း မနည်းတော့ဘူး"ဟုပြောသည်။

ရဲရိုးပြင်ကျေးရွာတွင်အရှေ့ဖက်နှင့်အနောက်ဖက်စုပေါင်းပြီးအိမ်ခြေ ၁၆၀ကျော်ရှိသည့်အနက်၁၃၀ခန့် မီးလောင် ပြာကျသွားသည်ဟု ၎င်းကလည်း ပြောဆိုသည်။

၎င်းကျေးရွာသည် စစ်တွေ၊ရွှေမင်းဂံဆိပ်ကမ်း၏ တစ်ဖက်ကမ်းတွင်ရှိပြီး ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင်အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများက သေနတ်ပစ်ခတ်ဝင်ရောက်လာကာ ရွာထဲမှ နေအိမ်များကို မီးရှို့လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်မြန်မာစစ်တပ်မှ မီးရှို့ပြီးနောက် ခမောင်းတော ကျေးရွာကိုလည်း ယနေ့ညနေ ၄နာရီကျော်ခန့်က စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့်နေအိမ် ငါးလုံး၊ ခြောက်လုံးခန့် မီးလောင်ပျက်စီးသွားသည်ဟု ခမောင်းတော ကျေးရွာသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

၎င်းစစ်သားများ စစ်ကောင်စီတပ်ရင်း (၂၇၀) မှ ဖြစ်ပြီး စစ်တွေမြို့နယ် ရွှေမင်းဂံကျေးရွာမှ ရေတပ်ဇက်နေဗီဖြင့်ပုဏ္ဏားကျွန်း ရဲရိုးပြင်ကျေးရွာသို့ ကမ်းကူးလာကာ ရွာကိုမီးရှို့လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

 

ရွှေမင်းဂံ ဆိပ်ကမ်းအနီးတွင်စစ်ကောင်စီက တည်ဆောက်ထားသည့်  ရေတပ်စခန်းရှိပြီးအဆိုပါ စခန်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ အနီးအနားရှိ ကျေးရွာများကို လူနေ၍ မရအောင်ကြိုတင်ပြီး မီးရှို့ခြင်းဖြစ်သည်ဟု  စစ်ရေးအမြင်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၃ နာရီခန့်က တစ်ကြိမ် စစ်ကောင်စီတပ်က ဒရုန်းနှင့် တိုက်ခိုက်ခံခဲ့ရပြီး ရွာသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂ရရက် ည ၂ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က ဒရုန်းနှင့်ပစ်ခတ်ခဲ့သည့်အတွက်ရဲရိုးပြင် ဘုန်းကြီးကျောင်း မီးလောင်ပြာကျဖြစ်ခဲ့၇သည်။

 

ယင်း အချိန်ကတည်းက ရဲရိုးပြင်ကျေးရွာသားအများအပြားသည် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသဖြင့် ယမန်နေ့ အကြမ်းဖက်စစ်တပ်ဝင်လာစဉ် (စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးပျောက်နေသည်မှ အပ) ကျန်ရွာသားများ  အထိအခိုက် မရှိခဲ့ခြင်းဟု သိ၇သည်။  

 

ထို့အပြင် ပြီးခဲ့သည့်ဒီဇင်ဘာ၂ ရက်ကလည်း စစ်တွေမြို့နယ်၊ ရွှေမင်းဂံရေတပ်စခန်းက ပစ်ခတ်သည့်လက်နက်ကြီး ကျည်များသည် ၎င်းရွာသို့ကျရောက်ခဲ့သော်လည်း အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ရွာသားများကပြောသည်။

ယခုကဲ့သို့စစ်ကောင်စီမှ လက်နက်ကြီးအပါအဝင်ဒရုန်းနှင့်ပါ ပစ်ခတ်သည့် အပြင် ရွာကိုပါမီးရှို့၍ ရဲရိုးပြင်အနီး တဝိုက်မှ ကျေးရွာများဖြစ်ကြသည့်အောင်မြေကုန်း၊ အောင်ဇေယျ၊ ခမောင်းတော၊ ရဲရိုးပြင်၊ ဆားတောင်ပုတ်၊ကန်ချောင်းစသည့်ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်"ရဲရိုးပြင်ကျေးရွာ"အားအကြမ်းဖက် စစ်ကောင်စီ တပ်တစ်ခု ဖြစ်သော ခလ၇ (၂၇၀) တပ်ရင်းမှတိုက်ပွဲတစုံတရာဖြစ်ပွားခြင်း မရှိဘဲ ဒီဇင်ဘာလ (၃) ရက်၊ မွန်းလွဲ (၂)နာရီခန့်အချိန်တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး မီးရှိဖျက်ဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ (NN-11)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.