စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ အကြီးမားဆုံးစစ်စခန်းတစ်ခုဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်လိုက်ပြီ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်နှင့် နီးကပ်စွာတည်ရှိသည့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ မဟာဗျူဟာအရ အရေးကြီးသည့် အကြီးမားဆုံး စစ်စခန်းတစ်ခုဖြစ်သည့် တရွန်အိုင်ဗျူဟာကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

 ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အမာခံတည်ဆောက်ထားသော တရွန်အိုင်ဗျူဟာကုန်းစခန်းကို ယနေ့ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၁၀ နာရီ ၂၅မိနစ်ခန့်က ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

"တရွန်အိုင်ကို သိမ်းလိုက်ပြီ။ ဒီမနက်မှာ ကုန်းတစ်ခုလုံးကို အပြတ်သိမ်းလိုက်တာပါ။ မြေအောက် စခန်းတွေပါ သိမ်းလိုက်ပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။

 

ယင်းတရွန်အိုင်ဗျူဟာကုန်းနှင့် နှုံးဘူးဗျူဟာ တပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA) က နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး ၂၁ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

 

"နှုံးဘူးဗျူဟာကုန်းတော့မပါသေးဘူး။ တရွန်အိုင်ဗျူဟာကုန်းကိုဘဲ  သိမ်းလို့ရသေးတယ်လို့ သိရတယ်။ အဲ့ဒီဗျူဟာကုန်းက စစ်ကောင်စီတပ်သားအများအပြားကိုလည်း ဖမ်းဆီးရမိတယ်လို့ ကျွန်တော်တို့ကနဦးသတင်းရပါတယ်။ တရွန်အိုင်ကျသွားရင် နှုံးဗူးလည်း သေချာပေါက် ကျသွားနိုင်ပါတယ်" ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

 

သိမ်းပိုက်ရရှိထားသည့် တရွန်အိုင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားအများအပြားနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု သိရသည်။

 

ယခု တရွန်းအိုင် ဗျူဟာကုန်း သိမ်းပိုက်သည့် သတင်းနှင့် ပတ်သက်ပြီး တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်ရာ လောလောဆယ် ရုံးချုပ်က အကြောင်းကြားလာခြင်း မရှိသေးဟု ပြောကြားသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီကျော် အချိန်ခန့်ကလည်း ရက္ခိုင့်တပ်တော်(AA) က မောင်တော-အငူမော်လမ်းရှိ စစ်ကာင်စီတပ်၏ ​ဗောဓိကုန်းနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့သည်

 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်‌‌ နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းရှိ ဒုံးညိုနယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။(NN-12) 

ဆက်စပ် သတင်းများ