Preview

ကျောက်ဖြူသို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည် ၂၀ ကျော်ခန့်ကို စစ်ကောင်စီဖမ်းဆီး

ဒီဇင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2259
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည် ၂၀ ကျော်ခန့်ကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသည့်ဈေးသည်များသည် ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဂုံးချွိန်ကျေးရွာတို့မှဖြစ်သည်

၎င်းဈေးသည်များသည် ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ၎င်းတို့ ကျေးရွာများမှ ကျောက်ဖြူမြို့သို့ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)၏ အနောက်ဘက်ရှိ တောင်ရှည်တောင်မှ ဖြတ်လာစဉ်တွင် ဖမ်းဆီးခံလိုက်၇ခြင်း ဖြစ်သည်။

ဂုံးချွိန်ကျေးရွာဒေသခံတစ်ဦးက "အုန်းတောနဲ့ဂုံးချွိန်ကလူတွေပါ။ ယောကျာ်းရော၊ မိန်းမရောပါတယ်။ လမ်းတွေပိတ်လိုက်တော့ အခုအဲဒီလမ်းကပဲ သွားရောင်းနေကြရတာ" ဟုပြောသည်။

၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ကျောက်ဖြူမြို့ကို မြို့အဝင်အထွက် ကုန်းလမ်း၊ ရေလမ်းကြောင်းများနှင့် ကျေးရွာချင်းဆက်လမ်းများအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။

ကျောက်ဖြူမြို့ခံတစ်ဦးက "ကျောက်ဖြူမှာ ဟင်းသီးဟင်းရွက်စိုက်မယ့် နေရာကလည်း မရှိဘူး။ စပါးလည်းမရှိဘူး၊ ဘာမှမရှိဘူးလေ။ အခုလာရောင်းတဲ့ ဘက်တွေမှာပဲ ဥယျာဉ်ခြံတွေရှိတာ။ ဟင်းသီးဟင်းရွက်က အဲဒီဘက်ကပဲ လာရောင်းကြတာ။ ကျောက်ဖြူမှာက အရမ်းဒုက္ခဖြစ်နေကြတယ်။ ငါးပိုက်လည်း မချရဘူး။ စစ်တပ်ကတော့ ပြည်သူတွေအခက်အခဲဖြစ်လေ ကြိုက်လေပဲပေါ့" ဟုပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူများမရှိ၍ အုန်းတော၊ ဂုံးချွိန်၊ မလကျွန်းနှင့်အစရှိသည့်ကျေးရွာတို့မှ ဟင်းသီးဟင်းရွက် ဈေးသည်များကို အားထားနေရသည်ဟုလည်း ဒေသခံများကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့်ဈေးသည်များကို စစ်တပ်ကားဖြင့် တင်ယူသွားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကို မသိရသေးသလို ၎င်းတို့၏မိသားစုဝင်များကိုလည်း အကြောင်းကြားလာခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်လုပ်နေပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဖမ်းဆီးခံရသည့်အရပ်သား ၁၀၀ ဦးထက် မနည်းရှိနေကြောင်း သိ၇သည်။ (NN-8)

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.