စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်မြစ်ဝမှ စစ်ကောင်စီနေဗီက တိုက်ပွဲမဖြစ်ဘဲ ညအချိန် လက်နက်ကြီးပစ်ခတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊  တောင်ကုတ်မြစ်ဝတွင်  စစ်ကောင်စီတပ် နေဗီရေယာဥ်က တိုက်ပွဲမဖြစ်ဘဲ ညအချိန် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်၊ ည ၁၀ နာရီ ၄၀ မိနစ်ခန့်က တောင်ကုတ်မြစ်ဝရှိ နေဗီစစ်ရေယာဥ်က လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 "ညက တောင်ကုတ်မြစ်ပြင်မှာ နေဗီက လက်နက်ကြီးပစ်တယ်။ အကျယ်ကြီး ၃ ချက်ကြားရတယ်"ဟု တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မည်သည့်ဘက်သို့ ရည်ရွယ်ပစ်ခတ်သည်ကို မသိရှိရသော်လည်း တောင်ကုတ်မြစ်ဝတွင်ရှိသည့် ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယင်းသို့လက်နက်ကြီးပစ်ခတ်ခဲ့သည့် မြစ်ပြင်အနီးတဝိုက်တွင် ကုလားရောင်၊ ဖောင်းခါးနှင့် ပန်းတင်တိုက်နယ်မှကျေးရွာများရှိကြောင်း သိရသည်။

"ကုလားရောင်၊ ဖောင်းခါးနဲ့ ပန်းတင်ဘက်ကလူတွေကတော့ တော်တော်စိုးရိမ်နေကြတယ်။ ဒီဘက်မှာက ခါတိုင်း အဲလိုလက်နက်ကြီး ပစ်တာမျိုးသိပ်မရှိတော့" ဟု သူကပြောသည်။

ရခိုင်တိုက်ပွဲများတွင် ခံစစ်အနေအထားရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် တောင်ကုတ်မြို့နယ်အတွင်း စစ်ရေးအခိုင်အမာဖြန့်ကြက်ထားပြီး မြို့၏ ရေလမ်း၊ ကုန်းလမ်းဟူသမျှကို ဖြတ်တောက်ပိတ်ဆို့ထားကြောင်း မြို့ခံများက ပြောသည်။

အလားတူ ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်လာလျှင် လက်နက်ကြီးပစ်ခတ်နိုင်ရန် တောင်ကုတ်မြို့၏ စစ်ရေးအရ အရေးပါသည့် တောင်ကုန်းများတွင် လက်နက်ကြီးတပ် အနည်းဆုံး ၃ ခုထိဖွဲ့စည်းထားကြောင်း နိရဥ္စရာက စုံစမ်းသိရှိရသည်။

 

ဆက်စပ် သတင်းများ