(စစ်အင်အား ရာနှင့်ချီဖြည့်တင်းနေဟုဆို)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သေနတ်များဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။
မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းရှေ့ တောင်ပေါ်တွင်ယနေ့ဒီဇင်ဘာ ၄ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်သား ၅၀ ခန့်က သေနတ်အချက်၂၀ ကျော်ပစ်ဖောက်ခဲ့သည်ဟုမြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
"မြို့အထွက်တောင်ထက်က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက်တယ်။ မိုးပေါ်ထောင်ပစ်တာ"ဟုပြောသည်။
ယင်းအပြင် မြောက်ဦးမြို့ပေါ် ဗန္ဓုလတံတားထိပ်မှ စံကားတောင်ပေါ်တွင် တပ်စွဲနေရာယူထားသည့်အဖွဲ့မှ သေနတ်အချက် ၃၀ခန့်ဖောက်ခဲ့သည်ဟု ဗန္ဓုလရပ်ကွက်မှဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
"မြောက်ဦးမြို့ပေါ် ဗန္ဓုလတံတားထိပ်က စံကားတောင်ပေါ်ကတပ်စွဲနေရာယူထားတဲ့အဖွဲ့ကနေ သေနတ်အချက် ၃၀ ခန့်လောက်ဖောက်တယ်" ဟုပြောသည်။
ယင်းအပြင် အဆိုပါ ဗန္ဓုလရပ်ကွက်ရှိ စံကားတောင်ပေါ်မှ စစ်ကောင်စီအင်အား၅၀ ကျော်သည် တောင်ပေါ်မှဆင်းလာပြီး ဇိနမာရ်အောင်သိမ်တော်အနီးသို့အရောက်တွင် အသက်၂၀ ကျော်အရွယ်လူငယ်နှစ်ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
"စံကားတောင်တောင်ပေါ်က သေနတ်ပစ်ပီးဆင်းလာတဲ့အဖွဲ့ကဇိနမာရ်အောင်ဘုရားနားအရောက်မှာလမ်းသွားနေတဲ့လူနှစ်ယောက်ကိုဖမ်းသွားတယ်"ဟုပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးနှင့်ပတ်သက်ပြီးအသေးစိတ်ကို မသိ၇သေးပေ။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည့် ဇိနမာရ်အောင်ဘုရားသိမ်တော်တွင်တစ်ဖွဲ့၊ဘုရားရှေ့ပန်းထိမ်တောင်တွင်တစ်ဖွဲ့ခန့်ရှိနေပြီး အင်အား ၁၀၀ ခန့်ရှိကြောင်းဒေသခံများကပြောသည်။
ရက္ခိုင့်တပ်တော်သည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ဦးစီးဌာနလက်အောက်ရှိ ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ် ၃ စင်း၊ ခရိုင်ဖွံ့ဖြိုးရေးအတွက်အသုံးပြုနေသည့် ယာဉ်များ၊ ကျေးလက်ဦးစီးဌာနပိုင်ယာဉ်နှင့် သာသနာရေးဦးစီးဌာနပိုင်ယာဉ်များကိုလက်နက်ငယ်များနှင့် ခြိမ်းခြောက် ရယူသွားပြီး ၎င်းတို့ အဖွဲ့အတွက် သုံးစွဲနေကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဒီဇင်ဘာ၃ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထူးခြား ဖြစ်စဉ်များနှင့် ပတ်သက်ပြီးပြောကြားရာ၌ ထိုသို့ထည့်သွင်း ပြောကြားသွားခဲ့သည်။