တနင်္ဂနွေ၊ ဇွန်လ ၂၃ရက်၊ ၂၀၂၄

စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ရွာနှစ်ရွာအား စစ်တပ်က မီးရှို့ခြင်းမရှိခဲ့ဟု လိမ်လည်သတင်းထုတ်ပြန်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာနှင့် ခ‌‌မောင်းတော ကျေးရွာ နှစ်ရွာကို မီးရှို့ခြင်းမရှိခဲ့ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ လိမ်လည် သတင်း ထုတ်ပြန်သည်။

၎င်းတို့၏ရေးသားဖော်ပြချက်များတွင် " ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ကျေးရွာ ၂ ရွာကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း စသည်ဖြင့် အချက်အလက်တိကျခိုင်မာခြင်းမရှိသည့် သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေ ရေးသားလျက် ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်များ အရ အဆိုပါကျေးရွာများနှင့် အနီးတစ်ဝိုက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာမှု မရှိကြောင်းသိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများ အနေဖြင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အားကိုး ယုံကြည်မှု နည်းပါးလာစေရန်အတွက် ယခုကဲ့သို့ အချေအမြစ်မရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်"ဟု ရေးသားထားသည်။

ပုဏ္ဏားကျွန်းမြို့နယ် "ရဲရိုးပြင်ကျေးရွာ"အား စစ်ကောင်စီ ခလရ (၂၇၀) တပ်ရင်းက တိုက်ပွဲတစုံတရာဖြစ်ပွားခြင်း မရှိဘဲ ဒီဇင်ဘာလ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျေးရွာသားများကိုယ်တိုင် မြင်တွေ့ခဲ့ကြရသည်။


ရွာနှစ်ရွာတွင် ရဲရိုးပြင်ရွာအား စစ်သားများ မီးရှို့ခဲ့၍ အိမ်ခြေ ၁၃၀ ပျက်စီးဆုံးရှုံးခဲ့သည်ကို မဟုတ်ပါဟု စစ်ကောင်စီ သတင်းစာက လိမ်လည်ပင် လိမ်ဝံ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ သတင်းအမှားများ ထုတ်ပြန်ခြင်းမှာ မြန်မာ့အလင်း သတင်းစာအနေဖြင့် အလွန်ရှက်စရာကောင်းပြီး  လွန်စွာစိတ်ပျက်မိသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ရဲရိုးပြင်ကျေးရွာကို မီးရှို့ပြီးနောက် အနီးရှိ ခမောင်းတော ကျေးရွာကိုလည်း ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က စစ်ကောင်စီတပ်သားများက ဆက်လက်မီးရှို့ခဲ့သည်ဟု ဆိုသည်။

စစ်တပ်က မီးရှို့၍ ရဲရိုးပြင်ရွာတွင် နေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျပြီး ခမောင်းတောရွာတွင် အိမ် ၅ လုံး ပျက်စီး သွားသည်ဟု ရွာသားများက ပြောကြားသည်။

လက်ရှိတွင် ရဲရိုးပြင်အနီးတဝိုက်မှ ကျေးရွာများဖြစ်ကြသည့် အောင်မြေကုန်း၊ ‌အောင်ဇေယျ၊ ခမောင်းတော၊ ရဲရိုးပြင်၊ ဆားတောင်ပုတ်၊ ကန်ချောင်းစသည့်ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ