အင်္ဂါ၊ ဇူလိုင်လ ၂၃ရက်၊ ၂၀၂၄

မောင်တော နခခ (၅)တပ်ရင်းက လက်နက်ကြီးပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုလာသဖြင့် ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးနေရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

မောင်တော အခြေစိုက် နခခ (၅)တပ်ရင်းက တစ်နာရီအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုလာသဖြင့် ကျေးရွာအချို့မှ ကျေးရွာသား များ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ထွက်ပြေးနေကြရသည့်ကျေးရွာများမှာ အေအေတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗောဓိကုန်းစခန်းနှင့် နီးစပ်သည့် ဗောဓိကုန်း၊ ရွှေရင်အေးနှင့် ကန်သာယာစသည့်ကျေးရွာများဖြစ်ပြီး လူပေါင်း ၃၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်

"စစ်တပ်ကလက်နက်ပစ်မယ်လို့ သတင်းတွေသိရတော့ ရွာသားတွေထွက်ပြေးကြတာပါ။‌  ဒါက ရွာသားတွေကိုနှင်ထုတ်တဲ့သဘောပေါ့" ဟုပြောသည်။

မောင်တောမြို့ရှိ နခခ (၅)တပ်ရင်းက ယနေ့ဒီဇင်ဘာ ၅ ရက်၊ နေ့လယ် ၁ နာရီကျော်ခန့်က လက်နက်ပစ်မည်ဆိုသည်ဟု ရွှေရင်အေးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ရွှေရင်အေးကျေးရွာမှ နောက်ထပ်အမျိုးသမီးငယ်တစ်ဦးကလည်း ဘေးကင်းရာသို့ ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဟု နိရဉ္စရာကို ပြောသည်။

"ကျမတို့လမ်းမှာ ဆောက်တည်ရာမရပြေးနေကြရပါတယ်။ မနေ့ကလည်း လက်နက်ပစ်တယ်။ ဒီနေ့ထပ်ပစ်မယ်လို့သတင်းကြားလို့ တစ်ယောက်မကျန်ထွက်ပြေးလာကြတာပါ" ဟုပြောသည်။

ယမန်နေ့ဒီဇင်ဘာ ၄ ရက်‌၊ ည ၈ နာရီခန့်ကလည်း မောင်တောမြို့ရှိ နခခ (၅)တပ်ရင်းက လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ရွှေရင်အေးကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ