တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်လူငယ်များအား တပ်တော်ထဲတာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ် ရခြင်းမှာ ရခိုင်ပြည်ကို ယခုထက်ပိုပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက်ဟု ဦးခိုင်သုခဆို


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

ရခိုင်လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော် (AA)မှ ဖိတ်ခေါ် နေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်းမှာ ရခိုင်လူငယ်များအာနေဖြင့်  ရခိုင်ပြည်ကို ယခုထက်ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အတွက်ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

"ရခိုင်ပြည်နဲ့ ရခိုင်နိုင်ငံသားတွေကို ကာကွယ်ဖို့ အထူးအရေးကြီးတဲ့ ကာလဖြစ်တယ်။ ဒါကြောင့်မလို့ ရခိုင်ပြည်ရဲ့ လုံခြုံရေး၊ အနာဂတ်တည်တံ့ရေး၊ ပြည်သူတွေကို အခုထက်ပိုပြီး ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် လူငယ်တွေအနေနဲ့ အခုလိုအပ်နေတဲ့ ကာကွယ်ရေးပိုင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးအရေးကြီးတာပေါ့နော်။ ကျနော်တို့က အမျိုးကိုချစ်ပါတယ်လို့ အော်နေရုံလောက်နဲ့တော့ မပြီးဘူးဗျ။ ကျနော်တို့ရဲ့ ရခိုင်ပြည်သူတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတယ်။ ဒါကြောင့်ကျနော်တို့ရဲ့ လူငယ်တွေအားလုံး၊ တာဝန်ထမ်းနိုင်တဲ့လူတွေအားလုံးဟာ အခုချိန်မှာ ရခိုင်ပြည်ကာကွယ်ရေးကိစ္စတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ အထူးအရေးကြီး ပါတယ်" ဟု ၎င်းကပြောဆိုသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ရက္ခိုင့်တပ်တောမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများ အပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် " Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါကြောင်း ဖော်ပြထားသည်။

မောင်တော ဒေသခံတစ်ဦးက "အေအေက သိမ်းထားတဲ့ စစ်တပ်စခန်းတွေနဲ့ စစ်တပ်က စခန်းစွန့်ခွသွားတဲ့ နယ်ခြားစောင့် စခန်းတွေမှာ နေရာချထားဖို့ တပ်သားအင်အားတွေ ထပ်လိုနေတယ်လို့ ကြားရပါတယ်။ စစ်တိုက်နေတဲ့ စစ်သားတွေက အဓိက ရှေ့တန်းထွက်ရတဲ့ အတွက် စခန်းတွေမှာ အထိုင်ချနေလို့ မရပါဘူး။ ဒီနေရာတွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ဖို့ အင်အား အများအပြားလိုနေပါတယ် လူငယ်တွေအများအပြားကတော့ တပ်တော်ထဲကို ဝင်ဖို့ သွားနေကြတယ်လို့ သိရပါတယ် ဟု ဒီပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦး ဒီလောက် စစ်တပ်က ဘာမှ အပြစ်မရှိတဲ့ ရခိုင်လူမျိုးတွေကို နှိပ်စက်နေတာ။ ဘယ်သူသည်းခံနိုင်မှာလဲ။ လူငယ် လူကြီး အကုန်လုံး အေအေထဲကို တာဝန်ထမ်းဆောင်ဖို့ သွားနေကြပါပြီ။ တချို့ရွာတွေဆို လူတောင်မကျန်ဘူးဟု ပြောဆိုသည်။

အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် ( AA)နှင့် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တိုက်ပွဲဖြစ်ပွားသည့် နေ့ကစပြီး သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ခြင်း၊   အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် တမင်ပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့ခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသဖြင့် ရခိုင်လူထုအကြား မကျေနပ်မှုများ အထူးတိုးပွားလျှက်ရှိသည်ဟု ရခိုင်ဒေသခံများက ပြောကြားသည်။ ( NN-30)

 

ဆက်စပ် သတင်းများ