တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြန်မာစစ်ကောင်စီတပ်က ပေါက်တောမြို့နယ် မနော်သီရိရွာသား ၂ ဦးကို ဖမ်းဆီးပြီး ရွာကို AAမီးရှို့ ကြောင်း လိမ်လည်သတင်းထုတ်ပြန်


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

မြန်မာစစ်တပ်က ရခိုင်လူမျိုးနှစ်ဦးအား ရက္ခိုင့်တပ်တော် အေအေ အမာခံဟု စွပ်စွဲဖမ်းဆီးပြီး မနော်သီရိကျေးရွာအား  ရက္ခိုင့်တပ်တော် (အေအေ)မှ မီးရှို့ခိုင်းသည်ဟုဆိုကာ ရုပ်သံဖိုင်တစ်ခုကို  ပြည်နယ်စစ်ကောင်စီ ဝါဒဖြန့်သတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဉ်က ဒီဇင်ဘာ ၆ ရက်နေ့က  လိမ်လည် ထုတ်ပြန်ထားသည်။

အဆိုပါ ရခိုင်နေ့စဉ်၏ထုတ်ပြန်ချက်တွင် " AA သောင်းကျန်းသူအဖွဲ့မှ မနော်သီရိရွာကို မီးရှို့ခိုင်းထားသော AA သောင်းကျန်းသူအမာခံ မောင်ထွန်းကျော်လင်းနှင့် ဦးဘထွန်းတိုဦးဘထွန်းတို၏ ထွက်ဆိုချက်" ဆိုသည့် ခေါင်းစဉ်ဖြင့် အင်တာဗျူးရုပ်သံကို ထုတ်ပြန်ထားသည်။

 

ထို့အပြင် ၎င်းတို့နှစ်ဦး ရွာကိုမီးရှို့နေစဉ်အတွင်း စစ်တပ်က ၎င်းတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

၎င်းမောင်ထွန်းကျော်လင်းနှင့် ဦးဘထွန်းတို့ကို စစ်တပ်ကိုမြင်လျှင်  ၎င်းတို့ကိုအကြောင်းကြားရန် အေအေအဖွဲ့က ခိုင်းထားကြောင်း၊ ရွာထဲကိုဝင်သည့်အခါ ၎င်းတို့နှစ်ဦးကို မီးရှို့ခိုင်းပြီး စစ်တပ်က မီးတိုက်သည်ဟု အထင်လွှဲအောင်ပြောရန် အေအေက ခိုင်းထားကြောင်း  စသဖြင့်  အင်တာဗျူး မေးမြန်းကာ ဖော်ပြထားသည်။


 

သို့ရာတွင် အဆိုပါမနော်သီရိကျေးရွာ မီးလောင်မှုမှာ စစ်ကောင်စီနေဗီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အပြင် စစ်ကောင်စီတပ်သားများ ရွာထဲသို့ ဝင်ရောက်ကာ မီးဝင်ရှို့ခြင်းကြောင့် ဖြစ်သည်ဟု ကိုယ်တိုင်မြင်ခဲ့ရသည့် မျက်မြင်ဒေသခံများနှင့် ကျေးရွာသားများက သတင်းဌာနများသို့ ဖြေဆိုထားသည်။

 

အဆိုပါမနော်သီရိကျေးရွာအနီးအနားကျေးရွာမှ မျက်မြင်ဒေသခံတစ်ဦးက" င/ပြီကျွန်းနားမှာ ရပ်ထားတဲ့ နေဗီကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်လို့မကြာဘူး။ ခဏနေရင် ရွာမီးလောင်တာကို ကျနော်တို့မြင်ရတယ်" ဟု နိရဉ္စရာသို့ပြောသည်။

 

အဆိုပါမနော်သီရိကျေးရွာသည် ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်တွင် မီးရှို့ခံရခြင်းဖြစ်ပြီး ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကည နေအိမ် (၁၁) လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်၊ နေ့လယ်ကလည်း စစ်တပ်က အကြောင်းမဲ့ မီးရှို့လိုက်သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာတွင် အိမ်ခြေ ၁၃၀ ခန့် မီးလောင်ပြာကျပြီး အနီးအနားက ခမောင်းတောရွာမှာလည်း နေအိမ် ၅ လုံးခန့် မီး‌လောင်ပျက်စီးသွားခဲ့သည်။

 

ထို့အပြင် နိုဝင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီကလည်း စစ်ကောင်စီ၏နေဗီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မ‌ဈေးတစ်ခုလုံးပြာကျသွားခဲ့ရပြီး ဆိုင်ခန်းပေါင်း ၃၀၀ ထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့မီးမရှို့ဟု စစ်ကောင်စီက သတင်းများ လိမ်လည်ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကိုလည်း ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ဇက်နေဗီများ၊ စစ်တပ်တပ်ရင်းများက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် နေ့စဉ်မီးလောင်ကျွမ်းမှုများရှိနေပြီး မြို့၏ ၇၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းပျက်စီးကုန်ပြီဟု သိရသည်။

 

ထိုကဲ့သို့ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း အစရှိသည့်လုပ်ရပ်များကြောင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်များမှာ နေ့စဉ်နှင့်အမျှဆုံးရှုံးနေရသော်လည်း ၎င်းတို့်အနေဖြင့် ထိုလုပ်ရပ်များကိုလုပ်ဆောင်ခြင်းမရှိဟု နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံလိုင်းများမှတဆင့် လိမ်လည်သတင်းထုတ်ပြန်ခဲ့သည်။

(NN-8)

ဓာတ်ပုံ- ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ