တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီးနောက် အစစ်အဆေးတင်းကျပ်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီးနောက် ယနေ့တွင် အစစ်ဆေးတင်းကျပ်နေကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့တွင် ယနေ့ ဒီဇင်ဘာ ၇ ရက်၊ နံနက် ၇ နာရီခန့်မှစ၍ ဈေးသွား၊ ဈေးလာ လမ်းသွားလမ်းလာများကို တင်းကျပ်စွာစစ်ဆေးနေသည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"လမ်းသွားလမ်းလာ၊‌ ဈေးရောင်းသူတွေ၊နယ်ဘက်ကလာတဲ့ဈေးသည်တွေ ဈေးကနေပြန်လို့မရဘူး။ ဝင်လို့လည်း မရဘူး။ လမ်းမှာပိတ်ဆို့ပြီး ဖုန်းတွေကို စစ်ဆေးနေတယ်"ဟု ပြောသည်။

ယနေ့ နံနက် ၉ နာရီအချိန်အထိ စစ်ကောင်စီတပ်သားများသည် ဘောလုံးကွင်း၊ အလယ်ဈေးလမ်းဆုံ၊ ရွှေဂူတောင်လမ်းဆုံနှင့် မြောက်ဦးဟိုတယ်အနီးတို့တွင် လူစုခွဲ၍ စစ်ဆေးနေကြောင်း သိရသည်။

ယင်းအပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာဘက်သို့အထွက်နှင့် နန်းရာကုန်းတွင် ဈေးသွား ဈေးပြန်များကို ကြိုသည့် ထော်လာဂျီဂိတ်တို့တွင်လည်း စစ်ကောင်စီတပ်သားများက တင်းကျပ်စွာစစ်ဆေးနေသည်ဟု မြို့ခံများက ပြောသည်။

မြောက်ဦးမြို့ထဲရှိ စစ်ကောင်စီအင်အား ၈၀ ခန့်သည် အလယ်ဈေးစာသင်ကျောင်းတွင် ညအိပ်ပြီး ယနေ့နံနက်အစောပိုင်းတွင် နေရာခွဲကာ လမ်းသွားလမ်းလာများကို တင်းကျပ်စွာစစ်ဆေးနေခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"မနေ့က အလယ်ဈေးကစာသင်ကျောင်းအိပ်ကြတယ်။ မနက်ကျမှလူစုခွဲပြီးမြို့ထဲက လူတွေအကုန်လုံးစစ်တယ်" ဟုပြောသည်။

စစ်ကောင်စီက ပြည်သူများ၏ဖုန်းကိုစစ်ဆေးရာတွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှုရှိ/မရှိနှင့် သတင်းမီဒီယာများမှသတင်းကို မျှ‌ဝေခြင်း ရှိ/မရှိကိုစစ်ဆေးနေကြောင်း စစ်ဆေးခံရသူနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

"အဓိကတော့စစ်ဆေးတာ အေအေနဲ့ဆက်စပ်မှုရှိလားဆိုတာမျိုး။ မနေ့က သတင်းဌာနတွေက သတင်းတွေမျှဝေတာမျိုးရှိလား စစ်တယ်" ဟုပြောသည်။

မြောက်ဦးမြို့၊ ကျောက်ရာဇ်​ကေရပ်ကွက်လမ်းဆုံအနီး သွားလာနေသည့် စစ်ကောင်စီစစ်ကြောင်း တစ်ခုကို ယမန်နေ့ ဒီဇင်ဘာ ၆ ရက်၊ နံနက်က ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဒေသခံများက ပြေောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ဘက်က တစ်စုံတရာထုတ်ပြန်ခြင်း မရှိသေးပါ။

ယင်းသို့မိုင်းဆွဲခံရပြီးနောက် ယမန်နေ့ညနေက မြောက်ဦးရှိ ၅၄၀ တပ်ရင်းက မြို့ပေါ်ရပ်ကွက်များကို လက်နက်ကြီးများနှင့် စက်သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။ (NN-11) 

ဆက်စပ် သတင်းများ