သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဘူးသီးတောင်မှ အရပ်သားလေးဦးကိုစစ်တပ်က ဖမ်းဆီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 834

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် အပြစ်မဲ့အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့၊ ရွာမရပ်ကွက်မှ ဦးရွှေမောင် (၄၅)နှစ်၊ဦးအောင်ဇံ (၆၀)နှစ်၊ ဦးဖြူထွန်း (၅၀)နှစ်နှင့် ဦးမောင်သန်းဝင်း (၅၃)နှစ်တို့ဖြစ်ကြသည်။

၎င်းလေးဦးသည် ယနေ့ ဒီဇင်ဘာ ၇ ရက်‌‌၊ နံနက် အရုဏ် ၄ နာရီခွဲတွင် စစ်ကောင်စီတပ် အင်အား ၄၀ ဖြင့် နေအိမ်မှဝင်ရောက် ဖမ်းဆီးသွားသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနက်အရုဏ်တက်အချိန်က ဖမ်းသွားတယ်။ ဘူးသီး‌တောင်ဗျူဟာကို ဖမ်းခေါ်သွားတာ တွေ့လိုက်တယ်" ဟုပြောသည်။

ယခုလိုအပြစ်မရှိဘဲဖမ်းဆီးသွားပြီး မိသားစုနှင့်လည်း အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြရသည်ဟု ဖမ်းဆီးခံရသူ တစ်ဦး၏ ဇနီးက နိရဉ္စရာကို ပြောသည်။

"စစ်ကားနှစ်စီးပါတယ်သူတို့မှာ။ ကျမတို့အိမ်ကိုလာပြီး အကြမ်းဖက်ဖမ်းဆီးသွားတယ်။ အခု ညနေအချိန်ထိ‌လည်း အဆက်သွယ်မရသေးဘူး အရမ်းစိုးရိမ်နေပါတယ်" ဟုပြောသည်။

ယင်းအပြင် ဘူးသီး‌ တောင်မြို့ ပတ်လည်တွင်လည်း စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင်တိုက်ပွဲပြန်လည်စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၁၁၀ ကျော်ရှိပြီဟု ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခက ပြီးခဲ့သည့်ဒီဇင်ဘာ ၅ ရက်တွင် နိရဉ္စရာကို ဖြေဆိုသွားခဲ့သည်။ (NN-11) 

ဆက်စပ် သတင်းများ