သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေးအစီအစဉ်ဖြင့် ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူ နိုင်ငံရေးသမားဟောင်း ဦးဖိုးလှအားစစ်ကောင်စီတပ်က လွန်ခဲ့သော စနေနေ့ကတည်းက စစ်တွေမြို့ရှိ သူ၏ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်မ၇သေးကြောင်းမိသားစုများက ပြောသည်။
ဦးဖိုးလှ၏ သားဖြစ်သူက “ကျွန်တော့်အဖေကို လွန်ခဲ့တဲ့ စနေနေ့ ည ရ နာရီလောက်မှာ ဖမ်းဆီးသွားတာပါ။စစ်တွေမြို့ နာဇီရွာ အေးသာယာလမ်းက ALP နဲ့ ခြံချင်းကပ်နေတဲ့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။နောက်တစ်ယောက်နဲ့ မြက်ရိတ်စက်ပြင်နေချိန်မှာ စစ်သားနဲ့ ရဲအပြည့်ပါတဲ့ ကားတစ်စီး အိမ်ရှေ့မှာလာရပ်ပြီး သူတစ်ယောက်တည်းကို မျက်နှာကို အဝတ်စနဲ့ ချုပ်ပြီး ကားရှေ့မှာတင်ပြီး နာဇီရွာဈေးဘက်ကို ယူသွားတယ်လို့မျက်မြင်တွေက ပြောပါတယ်”ဟု ပြောသည်။
အသက် (၆၈)နှစ် အရွယ်ရှိပြီဖြစ်သည့်ဦးဖိုးလှသည် အဆိုပါနေ့ရက်ကတည်းက မိသားစုများနှင့် အဆက်အသွယ် မ၇ ပျောက်ဆုံးနေပြီ စစ်တွေအမှတ်(၁) ရဲစခန်းသို့ သွားရောက်စုံစမ်းရာ မရှိဟု ပြောကြောင်း၊ ရဲစခန်းသို့လည်း ဝင်ရောက်စုံစမ်းခွင့်မ၇ကြောင်းပြောကြားသည်။
ဦးဖိုးလှသည် အဆိုပါနေ့က မင်းဂံရှိသမီးငယ်အိမ်တွင် နေထိုင်ရာမှ စက်ရုံစုရပ်ကွက်၊ နာဇီရွာရှိ အိမ်သို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP တပ်ဖွဲ့တချို့နှင့် မကြာခဏ ကတောက်ကဆ ပြဿနာဖြစ်ဖူးခြင်းများရှိကြောင်း သားဖြစ်သူက ဆက်လက် ပြောကြားသည်။
ဦးဖိုးလှနှင့် နီးစပ်သူ တစ်ဦးက “သူ့ကို ဒီဇင်ဘာ ၂ ရက်နေ့ က ဖမ်းသွားတာ။ နောက်ပိုင်းမှ စစ်တပ်ကဖမ်းသွားတယ်လို့ သိ၇တာ။ သူ့မိန်းမ ဒေါ်မပုစိန်က စစ်တွေ အမှတ် (၁)ရဲစခန်းကိုသွားရောက်စုံစမ်းတော့လည်း မရှိဘူးလို့ ပြောတယ်လို့ သိရတယ်။ အခု အဆက်အသွယ်မရတော့ စိုးရိမ်စရာဖြစ်နေတယ်။အသက်အရွယ်လည်းကြီးနေပါပြီ။ ကိုယ့်အဖို့နဲ့ ကိုယ် အေးအေးဆေးဆေး နေတဲ့ လူတစ်ယောက်ကိုခုလို ဖမ်းသွားတာမျိုး၊ မိသားစုကို အသိမပေးတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည်အပြစ်မဲ့အရပ်သားများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးမှုများရှိနေပြီးနိုဝင်ဘာ ၁၃ ရက်နေ့ ၇ခိုင်တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှ ယနေ့အချိန်ထိ ဖမ်းဆီးထားသူ၁၀၀ ကျော်ခန့် ရှိနေပြီဟု သိရှိ၇သည်။( NN-30)