Preview

ရေတပ်နေဗီများအတွက် ရေကြောင်း အနှောင့်အယှက်ဖြစ်နေသော မြစ်ထဲရှိ ငါးဖမ်းပိုက်များကို သိမ်းဆည်းရန် စစ်တွေ ရွှေပြည်သာကျေးရွာမှ ငါးဖမ်းသမား ၉ ဦးကို စက်လှေများနှင့်အတူ စစ်တပ်က ခေါ်ဆောင်သွား

ဒီဇင်ဘာ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :1898
ရခိုင် သတင်း

ပေါက်တောမြို့ အနီး ရေတပ်နေဗီများ ဝင်ထွက်သွားလာရာတွင် ရေကြောင်းအနှောင့်အယှက်ဖြစ်နေသော မြစ်ထဲရှိ ငါးဖမ်းပိုက်များကို သိမ်းဆည်းရန် အတွက် စစ်တွေမြို့နယ်၊ရွှေပြည်သာကျေးရွာမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသား ၉ ဦးကို ယမန်နေ့ကစစ်ကောင်စီက ခေါ်ဆောင် သွားကြောင်း ဒေသခံများကပြောသည်။

ခေါ်ဆောင်ခံရသူများမှာ ရွှေပြည်သာကျေးရွာ ဒေသခံမောင်ထွန်းမြင့်၊ မောင်စိုးမင်းထွန်း၊ မောင်အေးလှ၊ ဦးသန်းဌေးတို့ဖြစ်ကြပြီးပုဏ္ဏားကျွန်းမြို့နယ်၊ ကြံချောင်းကျေးရွာမှ ရွှေပြည်သာကျေးရွာတွင် ယာယီနေထိုင်ကာငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ချမ်းလှ၊ ဦးကျော်ရဲအောင်၊ ဦးကျော်ဌေးဝင်း၊ဦးကျော်နိုင်၊ မောင်သိန်းနိုင်တို့ ဖြစ်ကြသည်။

၎င်းတို့ ၉ ဦးကို ဒီဇင်ဘာလ ရ ရက်၊နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ခန့်က ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

"ငါးလုပ်ငန်းလုပ်နေရတဲ့သူတွေက ငါးဦးစီးဆီမှာလိုင်စင်ခံထားရတော့ နာမည်နဲ့ တကွရှိတယ်လေ။ စစ်တပ်လိုအပ်ချက်အရ ပိုက်သမားတွေကိုခေါ်ယူသွားကြတာပါ။ စစ်တပ်ကားနဲ့ခေါ်ယူသွားကြတာပါ။ မြစ်မှာရှိတဲ့ ပိုက်တွေကိုဆယ်ယူဖို့ခေါ်သွားတာဆိုပြီးတော့လည်း ပြောခဲ့တယ်။ သူတို့ကို အခုထိလည်းပြန်မပို့လာကြသေးဘူး။ မိသားစုဝင်တွေက စိုးရိမ်နေကြပြီ"ဟု ၎င်းက ပြောသည်။

၎င်းငါးဖမ်းသမားများသည် စစ်ကောင်စီတပ်သားများနှင့်အတူ ဆတ်ရိုးကျ ချောင်းကနေ ၎င်းတို့၉ ဦး၏ စက်လှေများဖြင့်ပေါက်တောမြို့နယ်၊ တောင်းဖူးတောင်အနီးသို့ ထွက်ခွာသွားသည်ဟု မျက်မြင်ဒေသခံအချို့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က  ခေါ်ယူသွားသည့်ဒေသခံ ၉ ဦးနှင့် အဆက်အသွယ်မရရှိသေးကြောင်းနှင့် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိ၇ကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် ငါးဖမ်းလှေများအပါအဝင် မြစ်ထဲသွားလာနေသောရေယာဉ်များအား စစ်ကောင်စီရေတပ် နေဗီများက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ရေလုပ်သားများမှာမြစ်ပြင်တွင် ငါးမဖမ်းရဲရာမှ ယခင်  မြစ်ထဲချထားသောပိုက်များမှာ နဂိုအတိုင်းရှိနေပြီး နေဗီများသွားလာရေးအတွက် ရေကြောင်း အနှောင့်အယှက်ဖြစ်နေသဖြင့်၎င်းပိုက်များကို ရေထဲက ဆယ်ယူပြီး သိမ်းဆည်းရန်အတွက် ၎င်းငါးဖမ်းသမားများကို ခေါ်ယူသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.