ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီဥက္ကဋ္ဌ၏ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ထုတ်ဖော်ပြောကြားချက် AA ပယ်ချ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ထုတ်ဖော် ပြောကြားချက်ကို ရက္ခိုင့်တပ်တော်(AA)က ပယ်ချလိုက်ပြီး အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာ ဖြစ်ကြောင်း အေအေပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။ 

နိုင်ငံတဝန်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ  မိုက်တွင်းဆက်နက် နေမည်ဆိုပါက ထိုဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သည့်  ပြည်ထောင်စုအစိုးရအဖွဲ့စည်းအဝေး အမှတ်စဉ် (၇/၂၀၂၃)၌ ပြောဆိုခဲ့သည်။

ထိုပြောကြားချက်အပေါ် ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ထိုသို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ၁၉၆၂ အာဏာသိမ်းပြီးကတည်းက အစိုးရအဆက်ဆက်နဲ့ ဆွေးနွေးလာတာတောင်မှ ဘာမှမဖြစ်ခဲ့တဲ့ကိစ္စ၊ အခု အကြမ်းဖက် စစ်ကောင်စီနဲ့ ဆွေးနွေးလို့ရော နောက်ထပ် ဘာအာမခံချက်များ ရှိလာမှာမလို့လဲ။ ဒါကြောင့်မလို့ အခု စစ်ကောင်စီရဲ့ ခေါင်းဆောင်ကပြောတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ဆိုတာကတော့ ဘာမှအဓိပ္ပါယ်မှ မရှိဘူးလို့ပဲ ကျနော်က သုံးသပ်တယ်ဗျ"ဟု ဦးခိုင်သုခက ပြောသည်။ 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်နေပြီး လုံးဝ အထိခိုက်ခံမည် မဟုတ်ကြောင်း ၎င်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

ယင်းအပြင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ် လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း၊ မိုက်တွင်းဆက်နက်နေမည်ဆိုပါက ထိုဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း ပြောဆိုသည်။ 

"လက်နက်ကိုင်အဖွဲ့တွေ ဆက်မိုက်တွင်းနက်နေရင် မိုက်တွင်းနက်တဲ့ ဒဏ်ကို ဒေသရှိပြည်သူတွေပဲခံစားရမယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်က ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။ 

စစ်ကောင်စီဥက္ကဋ္ဌ၏ ယခုကဲ့သို့ပြောဆိုမှုအပေါ်  ဦးခိုင်သုခက "ဒီအကြမ်းဖက် စစ်ကောင်စီတပ်ဟာ ပြည်သူဆိုတဲ့စကားကို ထည့်မသုံးသင့်တော့ဘူးဗျ။ ဘာလို့လဲဆိုရင် သူတို့ဟာ ပြည်သူကို ကာကွယ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ပြည်သူကို သမိုင်းတစ်လျှောက်လုံးမှာ ဒုက္ခပေးလာတဲ့အဖွဲ့အစည်းဖြစ်တယ်။ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အနိုင်ကျင့်၊ ရွာတွေကို မီးရှို့၊ မြို့တွေကို မီးရှို့၊ ပြည်သူပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို မတရားလုယက်၊ အဲ့ဒါမျိုးတွေ သူတို့ တောက်လျှောက် လုပ်လာခဲ့တာ ဖြစ်တယ်" ဟု ပြောသည်။ 

စစ်ကောင်စီသည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်သာဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးမှုသည် လက်တွေ့မှာ ဖြစ်လာနိုင်မည် မဟုတ်သလို မည်သူမှလည်း လက်ခံမည်မဟုတ်ဟု ဦးခိုင်သုခက ဆိုသည်။ 

"ဒီနေရာမှာ ကျနော်တို့မေးချင်တာက နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုလို့ရှိရင် သူတို့ရဲ့ Roadmap က ဘာလဲ။ ဘယ်အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးမှာလဲ။ ၂၀၀၈ နဲ့ NCA ကတော့ လက်ရှိမှာ ဘယ်သူမှလက်မခံကြဘူး။ အလုပ်လည်း မဖြစ်တော့ဘူးဗျ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA ကို ကိုင်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာကို ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး" ဟု ဆက်ပြောသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ရေးရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီအနေနှင့် နိုင်ငံရေးအရ ဆွေးနွေးရေးပြောဆိုလာခြင်းသာဖြစ်ပြီး မထူးခြား၊ မပြောင်းလဲသည့် အတုအယောင် ဆွေးနွေးပွဲသာ ဖြစ်မည်ဟုလည်း ရခိုင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်သည်။ (NN-7) Photo by BBC

 

ဆက်စပ် သတင်းများ