တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းတွင်ထောင်ဒဏ်တစ်ကျွန်းကျခံနေရသည့် ဝင်းနှင့်ဇော်က ထိုင်းရှေ့နေများကောင်စီကို ပြစ်ဒဏ်များ လျှော့ချနိုင်ရေးကူညီပေးရန် မေတ္တာရပ်ခံ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ထိုင်းနိုင်ငံ၊လိပ်ကျွန်းလူသတ်မှုတွင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံနေရသောမြန်မာရွှေ့ပြောင်း အလုပ်သမား ရခိုင်လူငယ်နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကပြစ်ဒဏ်များ လျှော့ချနိုင်ရေး ဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများကောင်စီအား မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မူ စတင်ဖြစ်ပွားခဲ့စဥ်ကတည်းက အမှုကို ကူညီဆောင်ရွက်ပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီ အဖွဲ့မှ ရှေ့နေ ကြီး Nakhon Chomphuchat နှင့် အတူ မြန်မာ ဘာသာပြန်တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်တွင် ဝင်းနှင့်ဇော်တို့အား ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့စဉ် ၎င်းတို့နှစ်ဦးက ထိုသို့ မေတ္တာရပ်ခံခဲ့ဖြစ်သည်

ယင်းသို့တွေ့ဆုံရာတွင် ဝင်းနှင့် ဇော်တို့နှစ်ဦးက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမှုကို လိုက်ပါ ကူညီဆောင်ရွက်နေသူ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ 

"ထိုင်းနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်  လုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့၏တစ်သက် တစ်ကျွန်း ပြစ်ဒဏ်များ လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန်၊ ၎င်းတို့၏ ရှေ့နေများကို မေတ္တာရပ်ခံခဲ့သည်ဟု သိရပါသည်" ဟု ရေးသားထားသည်။ 

လက်ရှိမှာ ဝင်းနှင့်ဇော်တို့နှစ်ဦး စိတ်ဓာတ်ကြံ့ခိုင်နေကြပြီး ကျန်းမာရေးကောင်းမွန်စွာ ရှိကြသည်ဟုလည်း ရေးသားထားသည်။ 

ထောင်ထဲတွင် ကိုးနှစ်ကျော်ကြာအောင် နေထိုင်ခဲ့ကြပြီးဖြစ်၍ ကျင့်သားရနေကြပြီဖြစ်ကာ ထိုင်းစကားကို ကျွမ်းကျင်စွာပြောတတ်နေပြီဖြစ်ပြီး ထောင်းတွင်း ပြဿနာကြီးကြီးမားမား မရှိကြဟုလည်း သိရသည်။

ဝင်းနှင့်ဇော်က မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရရေး မေတ္တာရပ်ခံခဲ့သော်လည်း လက်ရှိနိုင်ငံရေး အခြေအနေ များကြောင့် မိဘများထိုင်းနိုင်ငံသို့ လာရောက်မည့်ခရီးစဥ်အား မဆောင်ရွက် နိုင်သေးကြောင်းလည်း ဦးထူးချစ်က ပြောသည်။ 

ကိုဝင်းဇော်ထွန်းသည် ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှဖြစ်ပြီး ကိုဇော်လင်းသည် ကျောက်ဖြူမြို့နယ် မိချောင်းရေသောက်ကျေးရွာမှဖြစ်သည်။

သူတို့နှစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင်၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ် တို့ နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ကော်စမွီခရိုင်တရား ရုံးက လူသတ်မှု၊ မုဒိမ်းမှုနှင့် လုယက်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

သူတို့ကို ပြစ်မှုထင်ရှားသည်ဆိုကာ လူသတ်မှုနှင့် သတင်းထိန်ချန်မှုအတွက် သေဒဏ်၊ ဟန်နာဝစ်သာရစ်ချ်ကို အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ် ၂ဝ၊ ပစ္စည်းခိုးမှုအတွက်ထောင်ဒဏ်  နှစ်၊ ညအချိန် မတော် နေထိုင်မှုအတွက် ထောင်ဒဏ် တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှုအတွက်ထောင်ဒဏ် ခြောက်လနှင့် တရားမဝင်နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသော ပြစ်ဒဏ်များကို ကော့စမွီတရားရုံးက ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၁၄ ရက်တွင် သူတို့နှစ်ဦးကို ထိုင်းဘုရင်က သေဒဏ်မှထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲချမှတ်ပေးခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ