ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ မြို့ခံ အမျိုးသားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် စစ်ကောင်စီက ယမန်နေ့ညက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ကိုစောရန်နိုင်(၃၆)နှစ်ဖြစ်ကြောင်း သိရသည်။

၄င်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်၊ ည ၈ နာရီ ၄၅ မိနစ်တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ၆ ဦးက အိမ်စီးကားတစ်စီးဖြင့် နေအိမ်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တစ်ရပ်ကွက်တည်းနေထိုင်သူများက နိရဥ္စရာသို့ပြောသည်။

"ဖမ်းဆီးဖို့လာတဲ့အချိန်မှာ စရဖအဖွဲ့ဝင် ၆ ယောက်ပါတယ်။ အိမ်စီးကားတစ်စီးနဲ့တင်ပြီး ခေါ်သွားပါတယ်" ဟု အလယ်ပိုင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုစောရန်နိုင်ကို စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး လက်ရှိမည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း သူက ဆက်ပြောသည်။

"အခုက AA နဲ့ဆက်စပ်တယ်ဆိုပြီး မတရားစွပ်စွဲပြီး ဖမ်းချင်တဲ့လူအကုန်လိုက်ဖမ်းနေတာ။ သူ့ကိုလည်း အဲဒီလိုခေါင်းစဥ်တပ်ပြီးဖမ်းတာပဲ။ သူ့ကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရပါဘူး" ဟု နိရဥ္စရာသို့ပြောသည်။

ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက် ရောင်းချရန် လာရောက်သည့် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ဒီဇင်ဘာလ ၅ ရက်တွင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်လုပ်နေပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဖမ်းဆီးခံရသည့်အရပ်သား ၁၀၀ ဦးထက် မနည်းရှိနေကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ