တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ပလက်ဝမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီ စတင်ပိတ်ဆို့


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

(မြို့နှင့် ကျေးရွာများအကြား အဆက်အသွယ်ပြတ်တောက်သွား)

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီက ယနေ့နံနက် ၈ နာရီခန့်မှစ၍ ကုန်းလမ်း၊ ရေလမ်းရှိ မြို့အဝင်အထွက် လမ်းများကို ပိတ်ဆို့လိုက်သဖြင့် မြို့ပေါ်နှင့် ကျေးရွာများအကြား အဆက်အသွယ်များ ပြတ်တောက်သွားပြီဟု  ပလက်ဝမြို့ခံများက ပြောသည်။

ပလက်၀မြို့နယ်တွင် အင်အားအကြီးဆုံး စစ်စခန်းများဖြစ်ကြသည့် တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာ ၂ ခုတွင် တရွန်အိုင်ဗျူဟာကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီး နှုံးဘူးဗျူဟာမှာလည်း အေအေက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်၍  စစ်ကောင်စီတပ် တပ်ပျက်သွားပြီ ဖြစ်ကာ အခြေအနေဆိုးလာသဖြင့် မြို့အဝင် အထွက်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပလက်ဝမြို့ဒေသခံလူငယ် တစ်ဦးက ပြောသည်။

"ပလက်ဝကနေ အပြင်ကို တစ်ခုကိုမှ သွားလို့မရတော့ဘူး။ ရွာတွေကို သွားလို့ မရတော့ ဘယ်လိုတွေဖြစ်လာမလဲ မသိတော့ဘူး။ မြို့ထဲမှာတော့ သွားလာလို့ ရသေးတယ်။ ကုန်ပစ္စည်းတွေလည်း အဝင်မရှိတော့ဘူး။ အရင်က စုထားတာတွေကိုပဲ ရောင်းနေကြတာ။ ကုန်ဈေးတွေကလည်း တက်နေတယ်" ဟုပြောသည်။

ပလက်ဝမြို့ပေါ်မှ ရိက္ခာကျေးရွာသို့သွားသည့် ကားလမ်းကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီမှ စတင်ပိတ်ဆို့လိုက်ပြီး ပလုတ်တောင်ရပ်ကွက်ရှိ မီးလက်ဝ ကူးတို့ဆိပ်ကိုပါ နံနက် ၁၁ နာရီခန့်တွင် ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။  

ယင်းအပြင် ပလက်ဝနှင့် ဆက်စပ်သည့် အခြားကျေးရွာများ အကြား ဖောက်လုပ်ထားသည့် ရွာချင်းဆက်လမ်းများကိုလည်း ပိတ်ဆို့လိုက်သည်ဟု သိရသည်

အဆိုပါ ပလက်ဝမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ရခိုင်တကျော့ပြန် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပလက်၀မြို့နှင့် ကျောက်တော် အပါအဝင် အခြားမြို့များအကြား ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ ထားခဲ့ပြီးနောက် ယနေ့တွင် ပလက်၀နှင့် မြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားလာနေသည့် လမ်းများကို စစ်ကောင်စီက ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

ပလက်ဝမြို့တွင် ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကာ စက်သုံးဆီများမှာလည်း ပြတ်လပ်လုနီးပါးဖြစ်နေသဖြင့် စက်သုံးဆီဖြင့် ပလက်ဝမြို့ကို လျှပ်စစ်မီး ပေးနေမှုသည် လာမည့်ရက်ပိုင်းတွင် ဖြတ်တောက်နိုင်ဖွယ်ရှိကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

"အခုတောင် ဖုန်းအားတွေကို ချွေတာပြီးသုံးနေရပါတယ်။ အရင်တုန်းက ညငါးနာရီကနေ ညဥ့်ဆယ်နာရီအထိ မီးပေးတာ။ အခုညခြောက်နာရီကနေ ကိုးနာရီအထိပဲပေးတော့တယ်။ စက်သုံးဆီပြတ်တော့မယ်ထင်တယ်။ စက်သုံးဆီပြတ်ရင် မီးလည်းရတော့မှာမဟုတ်တော့ဘူး။ ဖုန်းလိုင်းတွေလည်းပြတ်တော့မယ်။ အခုလည်း မြို့ကို ပိတ်ဆို့ထားတော့ ပေါက်တောမြို့လိုဖြစ်မှာကိုလည်း ကြောက်နေကြတယ်" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်ကလည်း ပလက်ဝမြို့အခြေစိုက် ခလရ (၂၈၉) တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပလက်ဝမြို့ပြည်သူ့ဆေးရုံကြီး ခြံဝင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါပလက်ဝမြို့ကို စစ်ကောင်စီက ဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ ထားသလို အင်တာနက်လိုင်းဖြတ်တောက်ထားသည်မှာလည်း နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် အခြားဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း သိမ်းပိုက်ရရှိရန်အတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။ (NN-8) Photo by Wikipedia

ဆက်စပ် သတင်းများ