တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်တွေ ဇော်မတက်ရွာထဲ စစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး အမျိုးသား ၁ ဦးကိုဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဇော်မတက်ကျေးရွာထဲကို အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး အမျိုးသား တစ်ဦးကို ဖမ်းဆီးခေါ်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ဇော်မတက်ကျေးရွာမှ အသက်(၃၀)အရွယ် ကိုခိုင်ထွန်း ဖြစ်သည်ဟု သိရသည်။

ကိုခိုင်ထွန်းကို ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီကျော်က စစ်တွေအခြေစိုက် ခမရ ၂၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထဲသို့ သေနတ်ပစ်ခတ် ဝင်ရောက်ကာ ရက္ခိုင့်တပ်တော်(AA) သံသယဖြင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ရွာသားတစ်ဦးက "ဖမ်းတာက မှတ်ပုံတင်မှာပါတဲ့ နာမည်နဲ့မတူလို့ဆိုပြီး ဖမ်းသွားကြတာ။ သူက ရွာမှာနေတာကြာပြီ။ ရွာက သာရေး နာရေးတိုင်းမှာ သူပါဝင်ကူညီတယ်။ မနေ့က ရွာကလူငယ်တွေကို စစ်သားတွေက ဘုန်းကြီးကျောင်းကို စစ်ဆေးဖို့ ခေါ်ယူပြီးနောက်မှာ ဖမ်းသွားတာ”ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ကိုခိုင်ထွန်းမှာ မြောက်ဦးမြို့နယ်မှ ဇော်မတက်ကျေးရွာ ရွာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ရွာပြင်တွင် မြေကွက်ဝယ်ယူကာ မိသားစုနှင့်အတူ ပြောင်းရွေ့နေထိုင်သည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ်၊ ရွှေမင်းဂံနှင့် ဇော်မတက်ကျေးရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်က စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့သည်ဟု သိရသည်။ ၎င်းနောက်ပိုင်း များမကြာမီ  အင်အား ၅၀ ကျော်ခန့်ပါဝင်သော စစ်ကောင်စီ တပ်သားများက ရွာထဲသို့ ဝင်ရောက်ကာ သေနတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ဇော်မတက်ကျေးရွာသားအချို့ကိုလည်း ရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ယူကာ စစ်ဆေးမှုများပြုလုပ်ပြီး ညနေ ၄ နာရီခန့်မှ ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်သည် ဇော်မတက်ကျေးရွာထဲ အထိုင်စခန်းချကာ နေရာယူထားဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များတွင် ဖမ်းဆီးထားသူများ  အနက် ငွေညှစ်လျှင် ရနိုင်မည့်သူများကို AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး ငွေညှစ်မှုများ ရှိနေကြောင်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ