တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ပေါက်တောမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ထပ်မံရှင်းလင်း


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ဘူးသီးတောင်မြို့နယ်၊ သစ်တောရွာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဟု ညီနောင်သုံးဖွဲ့သတင်းထုတ်ပြန်  

 ညီနောင် မဟာမိတ် (၃) ဖွဲ့မှ "Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၅) ရက်မြောက်နေ့ တိုက်ပွဲနှင့် ပတ်သက်ပြီး  ဒီဇင်ဘာလ (၁၀) ရက်  ည (၁၁:၃၀) နာရီအချိန် သတင်းများ ထုတ်ပြန်ရာတွင် ပေါက်တောမြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့အား ထပ်မံရှင်းလင်းနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့နယ် သစ်တောရွာအနီးတွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။  

ထုတ်ပြန်ချက်အထဲတွင် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) သည် ပေါက်တောမြို့တွင်း ကျန်ရှိနေသေးသော ရန်သူ့အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းနေပြီး စစ်ကောင်စီမှ ပေါက်တောမြို့နှင့် အနီးအနားရှိကျေးရွာများသို့ နေဗီဖြင့် ရမ်းကား ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊  ပေါက်တောမြို့ရှိ အရပ်သား ပြည်သူများအား ဓါးစာခံနှင့် လူသားဒိုင်းကာ အဖြစ် ဖမ်ဆီးကာ သတ်ဖြတ်ခဲ့သော ရန်သူ့တပ်ဖွဲ့ဝင် အချို့အား ထပ်မံရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ဘူးသီးတောင်မြို့နယ်၊ သစ်တောရွာအနီးတွင်လည်း  ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

 

နိရဉ္စရာ သတင်းဌာနက ရရှိသော သတင်းများအရ ၎င်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော်(AA)က စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်လိုက်၍ စစ်ကောင်စီ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးတွင် ဒဏ်ရာ ရရှိသွားခဲ့ပြီး ၎င်းတိုက်ပွဲမှာ ဘူးသီးတောင်၊ သစ်တောရွာအနီးတွင်‌ ရှိသည့်‌ဗျူဟာကုန်း တပ်မဘက်မှ ဆင်းလာသော စစ်ကောင်စီ၏ ကားတစ်စီးကို  ဒီဇင်ဘာ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် AA က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာမှာ ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်တွင်ရှိပြီး ရွာသားများမှာ စစ်ဘေးရှောင် နေကြသည်ဟု ၎င်းကျေးရွာနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။


၎င်းပြင် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်နေ (၁၃) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ပြီး ဒေသခံ (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

အလားတူ  စစ်တွေမြို့၊ ဝါဘိုကျေးရွာအတွင်းသို့ စစ်ကောင်စီမှ ဒရုန်းသုံး၍ ဗုံးကြဲသဖြင့် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး  ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာသစ်အတွင်းသို့ စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီး (၂) လုံး ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့ရပြီး ‌ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

 

ဆက်စပ် သတင်းများ