“ ချင်းပြည်နယ် ပလက်၀ကနေ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်စခန်းတွေ သိမ်းပိုက်ခံထားရတော့ ရခိုင်တောင်ပိုင်းမြို့နယ်တွေအ ထိ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်လာမည်ကိုစိုးရိမ်ပြီးAA နဲ့ပတ်သက်ပြီး ပြည်သူများ အထင်အမြင်လွဲမှားအောင် စစ်တပ်က လှုံ့ဆော်ဝါဒဖြန့်မှုတွေလုပ်တာလို့ ယူဆလို့ရပါတယ်။ ခုတစ်လော ဒီလို စာမျိုးတွေကို ဆက်တိုက်လုပ်ဆောင်လာတာကိုတွေ့၇ပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိကပ်ထားသော စာများတွင် "၇ခိုင်ပြည်တောင်ပိုင်းမှာULA/AA အလိုမရှိ" ဟုပါရှိသည်ဟု ၎င်းက ပြောသည်။
သံတွဲမြို့၊ ဒွါရာ၀တီမြို့မဈေးကြီးအနီးဝန်းကျင်နှင့် မြို့ပေါ်ရှိလူစည်ကားရာနေရာများတွင် အဆိုပါစာများကို ကပ်ထူပြားတွင်ရေးသားကာ လိုက်လံကပ်ထားခြင်းဖြစ်ကြောင်း မျက်မြင် သံတွဲမြို့ခံ လူငယ်တစ်ဦးကပြောသည်။
" ULA/ AA ကိုအလိုမရှိဆိုတဲ့စာတွေကပ်ထားတာတွေ့တယ်။ အခုမနက်ကျွန်တော်ဈေးသွားတော့ ဈေးနားမှာလည်းကပ်ထားတာကိုတွေ့ခဲ့တယ်" ဟု ပြောသည်။
နောက်ထပ် သံတွဲမြို့ခံလူငယ်တစ်ဦးကလည်း ယနေ့ နံနက်ပိုင်းက သံတွဲမြို့မဈေးကြီးအနီးရှိ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းထဲမှ ဗာဒံပင်တစ်ပင်တွင်စာကပ်ထားသည်ကို တွေ့ခဲ့၇ကြောင်း ပြောသည်။
အဆိုပါစာများတွင်လည်း "၇ခိုင်ပြည်တောင်ပိုင်းမာ ULA/AA အလိုမဟိ" ဟု ရခိုင်ဘာသာစကားဖြင့်ရေးသားထားသည်ဟုဆိုသည်။
အဆိုပါစာများကို ဒီဇင်ဘာလ ၉ ရက်လောက်ကပင် သံတွဲမြို့ပေါ်ရပ်ကွက်များတွင် ကပ်ထားသည်ကိုတွေ့ရှိရပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြည်သူများက မထောက်ခံကြရန်နှင့် အမုန်းပွားစေရန် စစ်ကောင်စီကတမင်ဝါဒ ဖြန့်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
" ဒီစာတွေကဝါဒဖြန့်တဲ့စာတွေပါပဲ။ ဒါတွေကိုမြို့ထဲနေရာတွေမှာအခုလို ရဲရဲတင်းတင်း လိုက်ကပ်နိုင်တာဆိုလို့ စစ်ကောင်စီပဲရှိတယ်။ ပြီးတော့ဒီကပ်ထားတဲ့စာတွေကိုဘယ်သူမှ ဖြုတ်ပစ်တာမျိုးမတွေ့၇ဘူး။ ULA/AA ကို ပြည်သူတွေအမြင်မကြည်လင်အောင် ဝါဒဖြန့်တာဖြစ်ပါလိမ့်မယ်" ဟု သူကပြောသည်။
၎င်းပြင် စစ်ကောင်စီသည် အနည်းဆုံး သံတွဲဒေသခံ အရပ်သား ၁၀ ဦးထက်မနည်းကိုလည်း အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထာသည်ဟု သိ၇သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့်နိုဝင် ဘာလ ၁၃ ရက်ကစတင်ပြီး စစ်အာဏာရှင်အမြစ် ပြတ်ရေးတိုက်ပွဲဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ၏ အင်အားကြီးဗျူဟာကုန်းစခန်းကြီး တစ်ခုနှင့် နယ်ခြားစောင့်စခန်း လေးခုကို ထိုးစစ်ဆင်သိမ်းပိုက်ထားသလို စွန့်ခွာသွားသည့် တပ်ရင်းနှင့်စခန်းနေရာ ၅၀ ကျော်ကိုထိန်းချုပ်ထားသည်။
AA နှင့် တိုက်ပွဲများတွင် စခန်းများမကျဆုံးရေး အသည်းအသန်ခုခံနေရသည့် စစ်ကောင်စီသည် ပြည်သူလူထု အကြောက်တရား လွှမ်းမိုးအောင်ဖမ်းဆီး၊သတ်ဖြတ်၊ ကျေးရွာမီးရှို့စသည့် လူထု ဗဟိုပြုအကြမ်းဖက်နည်း ဗျူဟာကို သုံးနေကြောင်း ရခိုင်စစ်ရေးလေ့လာသူများနှင့် ပြည်သူများကနိရဉ္စရာသို့ပြောသည်။
စစ်အာဏာရှင်အမြစ်ပြတ် စစ်ဆင်ရေး" ၁၀၂ရ" သည်လက်ရှိတွင် စစ်ဆင်ရေးဒုတိယအဆင့်ရောက်ရှိနေပြီ ဖြစ်ပြီး မြန်မာပြည်သူ တစ်ရပ်လုံးက စစ်ကောင်စီကိုရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်ကြရန် ဒီဇင်ဘာလ ၉ ရက်၊ ညပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်တိုက်တွန်းထားသည်။
(NN-23)
ဓာတ်ပုံ- Narinjara
သံတွဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းအတွင်း ကပ်ထားသည့်စာတစ်ခုအား ယနေ့မနက်ပိုင်းကတွေ့၇စဥ်