တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရသေ့တောင်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီ မြေပြင်နှင့်ရေပြင်ကလက်နက်ကြီးများပစ်ခတ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 854

(ပေါက်တောမြို့နယ်တွင် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲ)

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ရေပြင်နှင့် မြေပြင်မှ ရက္ခိုင့်တပ်တော် (AA) ရှိမည့်နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး  ပေါက်တော မြို့နယ်တွင် ထိတွေ့ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၆) နာရီ (၁၀) မိနစ်ခန့်တွင်အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ "တောဟိန်းတောင်"ဗျူဟာမှ အမ်းမြို့နယ်၊ တဲဖျားရွာအနီးသို့လည်းကောင်း၊ ညနေ (၇) နာရီ (၅၆) မိနစ် အချိန်ခန့်တွင် အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းရှိ ရန်သူ၏ စခန်းကုန်းတစ်ခုမှ အမ်းမြို့နယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များရှိရာ နေရာသို့လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

ပေါက်တောမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ရှိပြီး  အခြားတစ်ဘက်တွင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများထဲမှ အချို့သည် ရက္ခိုင့်တပ်တော် အား လာရောက်တိုက်ခိုက်သောကြောင့် နေရာအချို့တွင် ရင်ဆိုင်ထိတွေ့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ရသေ့တောင်မြို့နယ်တွင်  အငူမော်-မောင်တောကားလမ်း မယူကမ်းအခြမ်းသို့ ယနေ့ဒီဇင်ဘာ ၁၁ ည ၈နာရီကျော်လောက်က နတ်မြစ်၀ ဘင်္ဂလားပင်လယ်အော် အခြမ်းတွင် ရှိနေသည့် စစ်ကောင်စီ နေဗီမှ လက်နက်များပစ်ခတ်လျက်ရှိသည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးကနိရဉ္စရာကိုပြောသည်။

" အင်းဒင်အောက်ဘက်ကပင်လယ် ဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့ စကစနေဗီက လှမ်းပစ်တာ။ ကျနော်တို့သိရသလောက် ၈လုံးလောက်ရှိပြီ။ အတွဲလိုက်၊ ရော့ကတ်လည်းပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းသို့နေဗီလ်မှလှမ်းပစ်မှုကြောင့် ရသေ့တောင်မြို့နယ် သဝင်ချောင်းနှင့် ကိုးတန်ကောက် ကျေးရွာဖက်သို့ လက်နက်ကြီးများကျရောက်သည်ဟု ရသေ့တောင်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" အဲ့ရွာနှစ်ရွာကိုကျတယ်လို့ကြားတယ်။ဒါပေမယ့်အတိကျမသိရသေးဘူး။ကျနော့်သူငယ်ချင်းလည်း ဗုံးခိုကျင်းထဲဝင်နေရတယ်ပြောတယ်။ အဲ့ဒီကတည်းကအဆက်သွယ်ပြတ်သွားတာ" ဟုပြောသည်။

လက်နက်ကြီးကျရောက်မှုကြောငိ့ ထိခိုက်မှုရှိ/မရှိကို နိရဉ္စရာက မသိရသေးပါ။

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ၏ ရေစိုးချောင်း ဗျူဟာနှင့်မညှင်းတောင်၊ ရသေ့တောင်မြို့ပေါ်မှ ၅၃၆/၅၃၇/၅၃၈တပ်များမှ  လက်နက်ကြီး လက်နက်ငယ်များဖြင့်  ရမ်းသန်းပစ်ခတ်လေ့ရှိကြောင်းဒေသခံများကပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်ဈေးနားတွင် လက်နက်ကြီးကျည် တစ်လုံးနှင့် အရှေ့မြောက်ရပ်ကွက် ဓမ္မာရုံရှေ့တွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ ပြားချောင်းကျေးရွာတွင်လည်း လက်နက်‌ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဓာတ်တိုင်များပါကျိုးသွားကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း  ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ဖြစ်ပွားခဲ့ကာ ထိုအချိန်မှ စတင်ပြီး  လူနေကျေးရွာ ရပ်ကွက်များသို့ စစ်ကောင်စီက ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီ စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းအပါဝင် စခန်းပေါင်း (၅၀) နီးပါးကို စွန့်လွှတ်ခဲ့ရပြီး စစ်ပွဲများတွင် အရှုံးများနှင့် ရင်ဆိုင်နေခြင်းကြောင့် ပြည်သူလူထုများအား အငြိုးတကြီး ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။(NN-11) 

 ပုံစာ- ပစ်ခတ်မှုဖြစ်သည့်နေရာများ

ဆက်စပ် သတင်းများ