ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ပန်းမြောင်း အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်တို့မှ စစ်တပ် ညအချိန်ဆုတ်ခွာထွက်ပြေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်း အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍  ဒီဇင်ဘာ ၁၂ ရက်​ညက စခန်းကနေ တိတ်တဆိတ် စွန့်ခွာ ထွက်ပြေးသွားကြပြီဟု သတင်းရရှိသည်။  

ဒေသခံများအပြောအရ ၎င်းစခန်း ၂ ခုတွင် အထိုင်အဖြစ် တပ်စွဲထားသည့် ရာနှင့်ချီရှိသည့်  စစ်သားများသည် လေးမြို့မြစ် အရှေ့ဘက်ကမ်းမှ လေးမြို့မြစ် အနောက်ဘက်ကမ်း မြောက်ဦးမြို့ဘက်ကို ညဉ့်အချိန်တွင် တိတ်တဆိတ်လှေများဖြင့် ဖြတ်ကူးကာ ပုရိန်ဘက်သို့ ဆုတ်ခွာသွားသည်ဟု ပြောကြားသည်။

 

 ဒေသခံတွေက ဘယ်သူမှ မသိလိုက်ဘူး။ မနက်လင်းမှ သိရတာ။ အခု အောင်မင်္ဂလာတောင်မှာရော၊ တောင်ဖြူတောင်မှာရော စစ်သားတွေ မရှိဘူးဟု ပြောသည်။   



 

နောက်ဒေသခံတစ်ဦးကလည်း မြစ်ကို ညဉ့်အချိန့် တိတ်တဆိတ်ဖြတ်ကူးပြီး ထွက်ပြေးသွားကြပြီး ပုရိန်ဘက်သို့ ယနေ့ နံနက်က ရောက်ရှိလာကြသည်ဟု ပြောဆိုသည်။

 

စခန်းအခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ အရပ်သားများအနေဖြင့် အသေးစိတ်သိရှိရန် ခက်ခဲကြောင်း ၎င်းတို့က ပြောဆိုသည်။

 

စစ်ကောင်စီသည် ၎င်းစခန်းများ မရုတ်သိမ်းမီ ပန်းမြောင်းကျေးရွာအနီးကို လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သလို မြောက်ဦးတပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

 

ပန်းမြောင်းရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်များမှ စစ်သားများဆုတ်ခွာ ထွက်ပြေးကြပြီသဖြင့် မင်းပြားမြို့နယ် ပန်းမြောင်းအပါအဝင် ၎င်းကျေးရွာ၏ အထက်ပိုင်း လေးမြို့မြစ် တစ်ခုလုံးသည် ရက္ခိုင့်တပ်တော် (AA)၏ ထိန်းချုပ်နယ်မြေအဖြစ်သို့ ကျရောက်သွားခဲ့ပြီဟု ဒေသခံများက ပြောဆိုသည်။  

ဆက်စပ် သတင်းများ