စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပန်းမြောင်းမှ ဆုတ်ခွာလာသောစစ်ကောင်စီတပ်ကို မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးတွင် AA က ကြားဖြတ်ဝင်တိုက်၊


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

စစ်ကောင်စီက လေယာဉ် ၂ စီးဖြင့် ပစ်ကူတိုက်ခိုက်


မင်းပြားမြို့နယ် ပန်းမြောင်း အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်မှ ဆုတ်ခွာလာသည့် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်ကို မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားအနီးတွင် ရက္ခိုင့်တပ်တော်(AA)က

ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်ခဲ့ရသည်ဟု သတင်းရရှိသည်။

 

မြောက်ဦးဒေသခံတစ်ဦးက “ သေနတ်သံက ညနေ ၃ နာရီလောက်ကနေ စကြားရတယ်။ ၄ နာရီခွဲလောက်မှာ ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ ၅ နာရီကျော်ကျော်လောက်မှာ ရဟတ်ယာဉ်က ပြန်သွားတယ်။ ည ၆ နာရီလောက်မှာ သေနတ်သံတွေ တိတ်သွားတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ် နှစ်စီးဖြင့် အနီးအနားသို့ အဆက်မပြတ် လာရောက် ပစ်ခတ်နေခဲ့သည်ဟု နောက်ထပ် မြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"လေယာဉ် ၂ စီးနဲ့ ဆက်တိုက်ပစ်နေခဲ့တယ်။ ရဲတပ်ရင်းတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်" ဟုပြောသည်။

ယခုလို ပစ်ခတ်သဖြင့် ဒေသခံများ ထိတ်လန့်ကြောက်ရွံ့နေကြရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

"ကြောက်ဖို့ကောင်းတယ်။ နီးနီးကပ်ကပ်ဖြစ်နေတာ။ လုံခြုံအောင်နေနေရပါတယ်" ဟုပြောသည်။

အဆိုပါတိုက်ပွဲသည် ပန်းမြောင်းဘက်က ဆုတ်ခွာလာသည့်တပ်ကို ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တနာရီခန့်ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ  ညနေ ၆ နာရီခန့်တွင် ပြီးဆုံးသွားသည်ဟု သိရသည်။

 

ပန်းမြောင်း တပ်စခန်းများကို စွန့်ခွာထွက်ပြေးလာသော စစ်သားများသည် ပုရိန်သို့ ပထမဆုတ်ခွားပြီး ယင်းမှ တစ်ဆင့် မြောက်ဦး ရဲတပ်ရင်းများသို့ဆုတ်လာစဉ် အေအေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု  စစ်ရေး သတင်းများကို လေ့လာနေသူ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများကို လောလောဆယ် မသိရသေးပါ။

ယင်းသို့ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် မြောက်ဦးမြို့နယ်၊ အောင်မင်္ဂလာသက်ရွာတွင် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့မှုကြောင့် မြောက်ဦးရှိ ရတနာ့မာရ်အောင်ဘုရားဝင်းတွင် လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဝမ်းတီးတောင်၊ ရွာဟောင်းတောရွာအနီးနှင့် သရက်အုပ်ကျေးရွာတို့တွင်လည်း လက်နက်ကြီးကျည်များကျရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဥ်အပြန်တွင် မြောက်ဦးမြို့နယ်၊ ညောင်ပင်လယ်ရွာကိုလည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ်၊ ပုရိန်ရွာဘက်မှထွက်ပြေးလာသည့် စစ်အင်အား ၁၀၀ ကျော်ခန့်သည် မြောက်ဦးရှိ ကိုးသောင်းဘုရားအနီး ရဲတပ်ရင်းသို့ ညနေပိုင်းတွင် ပူးပေါင်းသွားသည်ဟု သိရသည်။  (NN-11) 


ပုံစာ- ယနေ့ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် စစ်ရဟတ်ယာဉ် တစ်စီးအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ