တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်အတွင်း စစ်ကောင်စီက ရခိုင်အရပ်သားပြည်သူ ၆၀ ဦးကိုဖမ်းဆီးခဲ့ဟု AA ထုတ်ပြန်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 641

(ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၁၂ ဦးပါဝင်)

 ရခိုင်တွင် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်အတွင်း စစ်ကောင်စီက အပြစ်မဲ့ရခိုင်အရပ်သားပြည်သူ ၆၀ ခန့်ထိ ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခံရသူစာရင်းနှင့်တကွ ယနေ့ ထုတ်ပြန်သည်။

 

အဆိုပါအရပ်သားပြည်သူ ၆၀ ခန့်တွင် ၅၃ ဦးကို စစ်ကောင်စီရေတပ်သင်္ဘောက ကုလားတန်မြစ်ဝ အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန် ၇ ဦးကို မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု အောင်မင်္ဂလာ တောင်ကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA ထုတ်ပြန်ထားသည်။

 

အဆိုပါဖမ်းဆီးခံရသူများစာရင်းတွင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၄၈ ဦးပါဝင်ပြီး စက်လှေမောင်း၊ လှေလုပ်သား၊ကျောင်းသား၊ ပညာရေးဝန်ထမ်း၊ ကုန်သည်၊ ဆန်စက်အလုပ်သမား၊ စျေးသယ်များ အများစုပါဝင်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

 

စစ်ကောင်စီ ရေတပ်စစ်သင်္ဘောမှ ဖမ်းဆီးသည့် ဒီဇင်ဘာလ ၁၂ ရက်အတွင်း ကုလားတန်မြစ်ဝမှဖမ်းဆီး သွားသူများတွင် စစ်တွေမြို့နယ်မှ ၂၆ ဦး၊ ပေါက်တောမြို့နယ်မှ ၂၄ ဦးအပါအဝင် ကျောက်တော်၊မြောက်ဦး၊မင်းပြားမြို့နယ်များမှ ဒေသခံ ၃ ဦးတို့ဖြစ်သည်။

 

 ဒီဇင်ဘာလ ၁၁ ရက်တွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု ၊ အောင်မင်္ဂလာတောင်မှ စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ်​ဖမ်းဆီးသွားသူများမှာ ကိုကျော်မင်းစိုး(၃၀)နှစ်၊ ဦးသန်းမောင်ကြီး( ၅၃)နှစ်၊ ကိုကျော်ဆန်းထွန်း ( ၂၃)နှစ်၊ ကိုဇော်မင်းဦး( ၂၃)နှစ်၊ ဦးလှထွန်းကျော်( ၆၇)နှစ်၊ ဒေါ်သန်းသန်း( ၅၀)နှစ်နှင့် မစံပါယ်လှိုင်( ၃၄) နှစ်တို့ဖြစ်ကြောင်းသိရသည်။(NN-23)

ဆက်စပ် သတင်းများ