ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်က လူငယ်တစ်ဦးကိုဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 737

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ လူငယ်တစ်ဦးကို  စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဂုံးချွိန်ကျေးရွာ အုပ်စု၊ စေပုတ်ကေကျေးရွာမှ ကိုမောင်မောင်(၂၈)နှစ်ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၈ နာရီခွဲလောက်ကပင် ဂုံးချိန်ကျေးရွာအုပ်စုမှ ကျေးရွာများသို့ စစ်ကောင်စီက ကား ၉ စီးခန့်ဖြင့် ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခြင်း၊ နေအိမ်နှင့် ပစ္စည်းများကို ရှာဖွေမွှေနှောက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

 ယင်းသို့ဧည့်စာရင်းလာစစ်ချိန် စေပုတ်ကေကျေးရွာမှ ကိုမောင်မောင်ကိုဖမ်းဆီးသွားခြင်းဖြစ်သည်ဟု  ဂုံးချွိန်အုပ်စုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

 

" မောင်မောင်ဆိုတဲ့ကောင်လေးကို ဖမ်းသွားတယ်။ မနက်မိုးလင်းလို့ ကားတွေပြန်ထွက်သွားတဲ့အခါ ကားတစ်စီးပေါ်မှာ တွဲလွဲကြီး ရပ်စောက် လက်ထိပ်ခတ်ပြီးပါသွားတာတွေ့ပါတယ်" ဟု သူမကပြောသည်။

 

 ယမန်နေ့ညကစစ်ကောင်စီတပ်သည် ဧည့်စာရင်းစစ်ဆေးသည့်အပြင် AA နှင့်ဆက်စပ်သူများကို မေးမြန်းခြင်း၊ နေအိမ်များရှိပစ္စည်းများကို မွှေနှောက်ရှာဖွေခြင်းအပါအဝင် လေးဂွများတွေ့လျှင် သိမ်းဆည်းသွားကြောင်း ဒေသခံများကပြောသည်။

 

" ဧည့်စာရင်းတွေတစ်အိမ်တက်ဆင်းအတင်းဝင်ပြီးတော့စစ်ဆေးတယ်။ ပစ္စည်းတွေဆိုလည်း ခြေထောက်တွေနဲ့ကန်ပြီး ရှာဖွေတာတွေလုပ်တယ်။ AA နဲ့ပတ်သက်ပြီးမေးပါတယ်။ ပြီးတော့သူတို့က လောက်လေးဂွတွေ တွေ့ရင် သိမ်းယူသွားတယ်" ဟု ဂုံးချွိန်အုပ်စုမှအမျိုးသမီးတစ်ဦးကပြောသည်။

 

ရခိုင်တွင် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်အတွင်း စစ်ကောင်စီက အပြစ်မဲ့ရခိုင်အရပ်သားပြည်သူ ၆၀  ခန့်ထိ ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခံရသူစာရင်းနှင့်တကွ ယနေ့ ထုတ်ပြန်သည်။

 

အဆိုပါအရပ်သားပြည်သူ ၆၀ ခန့်တွင် ၅၃ ဦးကို စစ်ကောင်စီရေတပ်သင်္ဘောက ကုလားတန် မြစ်ဝအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန် ၇ ဦးကို မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု အောင်မင်္ဂလာတောင်ကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA ထုတ်ပြန်ထားသည်။(NN-23)

ဆက်စပ် သတင်းများ