သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

သံတွဲတွင် ပုစွန်ဖြေကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 973

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ သံတွဲမြို့နယ်၊ ပုစွန်ဖြေကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ရွှေရောင်ဆီစက်ပိုင်ရှင် ဦးမင်းသူ(၄၄)နှစ်ဖြစ်ကြောင်း သိရသည်။

ဦးမင်းသူကို ဒီဇင်ဘာလ ၁ ရက်၊ ည ၇ နာရီကျော်တွင် သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခလရ(၅၅) စစ်ကောင်စီတပ်က ဖော့ကားတစ်စီး၊ စစ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးဖြင့် ပုစွန်ဖြေကျေးရွာရှိနေအိမ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြော င်း သိရသည်။

"ည ၇ နာရီလောက်မှာ ကားသုံးစီးနဲ့လာပြီး အိမ်ထဲနဲ့ခြံထဲတွေကိုဝင်ရှာကြတယ်။ အိမ်ပေါ်မှာ စာရွက်စာရွက်စာတမ်းတွေကအစ အကုန်ဝင်ရှာတယ်။ ပြီးတော့ ဦးမင်းသူကို စစ်ဆေးစရာရှိတယ်ဆိုပြီးခေါ်သွားပါတယ်" ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ဦးမင်းသူကို ပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့စာမျက်နှာတွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၌ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးသွားပြီးနောက် ၁၀ ရက်ကျော်ကြာအထိ ဦးမင်းသူကို မည်သည့်တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိခဲ့ရကြောင်း ကျေးရွာသားများက ပြောသည်။

"ဖမ်းတာကတော့ သူတို့(စစ်ကောင်စီ)ဖက်ကပြောတဲ့ပုံအရ PDF တွေနဲ့ဆက်စပ်လို့ ဖမ်းတယ်ဆိုပြီး ကြားပါတယ်။ သူက ရွာမှာ ဆီစက်ဖွင့်ပြီး လုပ်ကိုင် စားသောက်နေတာပါ" ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလဒုတိယပတ်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နှင့်ဆက်စပ်သံသယတို့ဖြင့် သံတွဲမြို့နယ်မှ အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးခဲ့ကြောင်း မြို့ခံများက ပြောသည်။ (NN-23)


ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ