စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

“နှုံးဘူးဗျူဟာ” စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး အပါအဝင် စစ်ကောင်စီတပ်သားအမြောက်အမြားကျဆုံးခဲ့​ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ရက္ခိုင့်တပ်တော်မှ ဒီဇင်ဘာ ၁၀ ရက်နေ့က  သိမ်းပိုက်ခဲ့သည့် ပလက်ဝမြို့နယ်ရှိ “နှုံးဘူးဗျူဟာ” စခန်းသိမ်းတိုက်ပွဲအတွင်း အဓိက ကြီးကြပ်ကွပ်ကဲခဲ့သည့် နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး { အပတ်စဉ် အလုပ်သင် (၂၉) နှင့် ကိုယ်ပိုင်အမှတ် - ကြည်း ၃၅၃၄၄ } နှင့် စစ်ကောင်စီတပ်သား အမြောက်အမြား ကျဆုံးခဲ့ဟု သိရသည်။

ထိုသို့ ကျဆုံးသွားခဲ့ကြောင်းကို  ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ၁၀၂၇ စစ်ဆင်ရေး (၄၅) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရေး အချက်အချာကျသော ဗျူဟာကုန်းများ၊ စစ်စခန်း များ၊ ရဲစခန်းများ၊ စစ်ဘက်နှင့်ရဲဘက် ပူးပေါင်း စခန်းများနှင့် နယ်ခြားစောင့်စခန်းများ အပါအဝင် စုစုပေါင်းစခန်း (၁၄၂) ခုအား ရက္ခိုင့်တပ်တော် (AA) မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။

လက်ရှိ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေး အခြေအနေများနှင့် ပတ်သက်ပြီး ဖော်ပြရာတွင် ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဘူးသီးတောင်မြို့အခြေစိုက် ခမရ (၅၆၅) တပ်ရင်းမှ ပလက်နက်ကြီး (၄) လုံး ပစ်ခတ်ခဲ့ကြောင်း၊ ယင်းအထဲမှ (၁) လုံးသည် ဘူးသီးတောင်မြို့နယ်၊ ပြည်ရှည်‌ကျေးရွာ၏ အရှေ့ဘက် မီတာ (၂၀၀) ခန့်အကွာအဝေးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ နောက် (၁) လုံးသည် ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူး အုပ်စု၊ ကြက်မောက်တောင်ရွာ၊ သင်္ချိုင်းအနီး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး နွား‌ကျောင်းနေသည့် အသက် (၁၁) နှစ်အရွယ် မူဆလင်က‌လေးငယ် (၁) ဦး၏ ညာဘက်ပေါင်တွင် လက်နက်ကြီးကျည်စထိမှန်ခဲ့သည်ဟု ဖော်ပြသည်။  

ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက် ၁၁ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မြောက်ဦးမြို့ရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်း တစ်ခုဖြစ်သော “သင်းကျစ်တော်အထိုင်ဗျူဟာကုန်း” မှ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ၏ အရှေ့ဘက် တောင်တန်းသို့ လက်နက်ကြီးဖြင့် (၁) ကြိမ် ပစ်ခတ်ခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက် ၁၁နာရီ ၃၁ မိနစ် အချိန်ခန့်တွင် မင်းပြားမြို့နယ်၊ တောင်ဦးမော်စေတီတွင်း အခြေချထားသည့် ခမရ (၅၄၁) တပ်ရင်းမှ မြစ်တွင်းသွားလာနေ‌သော စက်လှေ၊ သမ္ဗာန်လှေများနှင့် မြို့အနီးတဝိုက် သွားလာနေကြသည့် ဆိုင်ကယ်၊ ခရီးသည် ယာဉ်ငယ်များအား စက်သေနတ်များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၈:၀၀) အချိန်ခန့်မှစတင်၍ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်းမှ ပေါက်တောမြို့ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် တမင်တကာရည်ရွယ် ပစ်ခတ်လျက်ရှိကြောင်း ဖော်ပြသည်။

 

ရက္ခိုင်ဒေသအတွင်းတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယခင် တိုက်ပွဲများမှသည် တကျော့ပြန် တိုက်ပွဲ ယနေ့ကာလအထိ စစ်ကောင်စီဘက်မှ စွပ်စွဲသံသယများဖြင့် မတရားသဖြင့် ဖမ်းဆီးထားသော အရပ်သားပြည်သူ ဦးရေ (၄၃၀) ကျော်အထိ ရှိလာပြီ ဖြစ်သည်ဟု ဆိုသည်။

 

ညီနောင်မဟာမိတ် (၃) ဖွဲ့  အနေဖြင့် လက်နက်ချအညံ့မခံသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထွက်ပြေးတိမ်းရှောင်ကာ အရပ်သားပြည်သူများအား ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်နေပြီး မိုက်တွင်းနက်နေ‌သေးသည့် ရန်သူ့အကြွင်းအကျန်များအား ချေမှုန်းလျက် ရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ