Preview

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တိုက်တွန်းမှု နိုင်ငံရေးအရ ထွက်ပေါက်ရှာခြင်းဟုဆို

ဒီဇင်ဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :2268
ရခိုင် သတင်း

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှယနေ့ကျရောက်သည့် (၄၉)နှစ်မြောက်ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် တိုင်းရင်းသားညီအစ်ကိုများအနေဖြင့်နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီးအဖြေရှာရန်တိုက်တွန်းမှုအပေါ်  နိုင်ငံရေးအရထွက်ပေါက် ရှာခြင်းသာ ဖြစ်သည်ဟုရခိုင်နိုင်ငံရေး၊စစ်ရေးလေ့လာသူဝါရင့်နိုင်ငံရေးသမားဦးဖေသန်းကသုံးသပ်ပြောဆိုလိုက်သည်။

" ၇ခိုင်ပြည်နယ်နေ့ကတော့ ၄၉ နှစ်တိုင်ခဲ့ပြီပေါ့လေ။ သို့သော်လည်း ပြည်နယ်နေ့ဆိုတဲ့ အခွင့်အရေး ရခိုင်ပြည်သူတွေ ဘာမှအခွင့်အရေးမရခဲ့ဘူး။  အဲဒီလို ပြည်နယ်နေ့တွေမှာ  တိုင်းရင်းသားတွေကို မစား၇၀ခမန်း နှစ်သိမ့်ပြောဆိုလာတာတွေကလွှဲပြီး အနှစ်သာရရှိရှိ ဘာမှလုပ်ဆောင်ပေးတာမရှိခဲ့တဲ့အတွက်  ဒီကနေ့ ပြည်တွင်း စစ်တွေဖြစ်လာရတဲ့ အကြောင်းတရားဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။.

 

ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ကျရောက်သော (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာရေးသားပေးပို့ခဲ့ရာတွင်  ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းရန်လည်း တိုက်တွန်းသွားခဲ့သည်။

 

"ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက်NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းခြင်းသည် သာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ တွေ့ ဆုံဆွေးနွေး အဖြေများခြင်း ဖြင့်သာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊  ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း”  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။


ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည့်  ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက်NCA လမ်းကြောင်းမှ တစ်ဆင့် လျှောက်လှမ်းရန် ပြောဆိုမှုမှာ သူတို့၏ အကျပ်အတည်းကို နိုင်ငံရေး အရထွက်ပေါက်ရှာသည့် အနေဖြင့် ပြောဆိုခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုသည်။

 

“ အခုရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် အေအေ ပေါ်လာတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တော်လှန်တိုက်ခိုက်နေတာတွေ ရှိတယ်။ ဒီနေ့ကာလမှာ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်း ပေါင်းစုံတွေ့နေတဲ့ ကာလ။ ဒီကာလမှာ ဒီလိုစကားမျိုး ထွက်လာတယ်ပေါ့နော်။ သူတို့ရဲ့အခက်အခဲ အကျပ်အတည်းကို ထွက်ပေါက်ရှာတဲ့ အနေနဲ့ ပြောဆိုလာခြင်းဖြစ်တယ်။”

 

အကယ်၍ စစ်ကောင်စီသည် ပြသနာကို အမှန်တကယ်ဖြေရှင်းလိုသည့် ရိုးသားသည့် စိတ်ရင်း အခြေခံရှိပါက တိုက်ပွဲနှင့် မဆိုင်သည့် အရပ်သား ရခိုင်ပြည်သူများကို ရန်သူ သဖွယ် သဘောထားပြီး ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ရန် အကြောင်းမရှိဟု ဦးဖေသန်းက ဝေဖန်ပြောကြားသည်။

 

“ လက်တွေ့မှာ သူ့မှာ အဲဒီလို စေတနာမရှိတဲ့အတွက် ရခိုင်ပြည်မှာ စစ်ရေးပစ်မှတ်နဲ့ မဆိုင်တာတွေကို ပစ်မှတ်လုပ်ပြီး နေ့စဥ်နေ့တိုင်းပြည်သူတွေကို ဒုက္ခပေးနေတယ်။ ဘက်ပေါင်းစုံ ပိတ်ဆို့ထားတယ်။ အဲဒါက ရခိုင်ပြည်အပေါ်သူတို့ရဲ့ စေတနာ ဘယ်လောက် ရှိတယ် ဆိုတာပြသနေခြင်းဖြစ်တယ်။ ဒီလို စိတ်ဓာတ်မျိုးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ မဖော်ဆောင်နိုင်ပါဘူး" ဟု ဦးဖေသန်း ဝေဖန်သုံးသပ် ပြောဆိုသည်။

 

ယနေ့ ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိခဲ့သဖြင့် တပ်မတော်အစိုးရ လက်ထက်မှ ယခုအချိန်အထိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်သည်ဟု ပြောထားသည်။

 

သို့သော်လည်း လက်ရှိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့် ပြည်ပ စွက်ဖက်မှု များကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက် နှောင့်ယှက်ဖျက်ဆီးမှုများ ပဋိပက္ခများ၏ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြ၇သည်ဟု စွပ်စွဲပြောဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေးနှင့် ရခိုင်ဒေသတွင်းတိုက်ပွဲအကြီးကျယ်ဖြစ်ပွားနေစဥ် ယခုကဲ့သို့ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးကိုသာ ဇောင်းပေးပြောဆိုနေခြင်းမှာ စစ်ရေးအရအထိနာနေ၍ နိုင်ငံရေး၊ စီးပွားရေးထွက်ပေါက်ရှာခြင်းဖြစ်ကြောင်းဖြင့်လည်း ဦးဖေသန်းက ပြောကြားသည်။  

 

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏  သဝဏ်လွှာထဲတွင် ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်  ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊  ယင်းမှာ ရခိုင်ဒေသ တိုင်းရင်းသားပြည်သူများအပေါ် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို ပြသနိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း ပြောဆိုသည်။  


ဦးဖေသန်းက  "မိုခါမုန်တိုင်းကာလမှာ စစ်တပ်ကဘယ်လောက်ထိအကူညီမရခဲ့ဘူးဆိုတာ ပြည်သူတွေ အားလုံးကိုယ်တိုင်သိကြပါတယ်။ အဲဒါတွေက သူတို့(စစ်ကောင်စီ)အနေနဲ့ နာမည်ယူပြီး ပြောနေတာသာဖြစ်တယ်။ နိုင်ငံတကာအကူညီတွေတောင်မှ စစ်တပ်က ပိတ်ပင်ခဲ့တယ်။ စစ်တပ်ရဲ့ပြည်သူလူထုကို ထိထိရောက်ရောက် ကူညီပေးတဲ့ ပုံရိပ်လို့ မတွေ့ခဲ့ရဘူး။ ပြည်သူတွေကိုမစား၇၀ခမန်း ရွာတစ်ရွာကိုဆန်ဆယ်အိတ်၊ လူတစ်ယောက်တစ်ဗူးကျ၊ နှစ်ဗူးကျ။ တချို့တွေဆို အကူညီဘာမှမရတာမျိုးတွေ၊ အဲဒီလိုတွေပဲလုပ်ခဲ့တာတွေ့ရတယ်။ တကယ်တမ်း အနှစ်သာရရှိရှိ ပြည်သူတွေ ဒုက္ခကလွတ်အောင် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကူညီမှုတွေကို ဘာတစ်ခုမှမလုပ်ခဲ့ဘူး" ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေးအရဆွေးနွေးအဖြေရှာရေးဆိုသည့် စကားလုံးကို  ပြည်နယ်များကို  ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပြန်ပေးပြီးမှသာ  ထုတ်ဖော် ပြောဆိုသင့်ကြောင်း ဦးဖေသန်းက ပြောသည်။

 

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အရေးကြီးသော စစ်စခန်းများကို တစ်ခုပြီး တစ်ခု စွန့်လွှတ်လာရပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော်နှင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေး ရရှိရန် စစ်ကောင်စီက အထူးလိုလားနေသည်ဟု သိရသည်။

၇ခိုင်ပြည်တွင် AA က နိုဝင်ဘာလ ၁၃ ရက်ကစတင်ခဲ့သည့် စစ်ဆင်ရေး ၄၅ ရက်တာအတွင်း ရက္ခိုင့်တပ်တော်သည် စစ်စခန်းပေါင်း(၁၄၂)ခုထိ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်းယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။ (NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.