တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ ကိုရီးယားဆိပ်ကမ်းတွင်ထားသည့် စက်လှေများမှ ဖမ်းဆီးခံရသူ (၅၃)ဦးအနက် ကျောင်းသားလူငယ်အချို့ ပြန်လွတ်လာ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ BXT ကိုရီးယားဆိပ်ကမ်းတွင် ရပ်ထားသည့် စက်လှေများမှ ဖမ်းဆီးခံရသူ (၅၃)ဦးအနက် ကျောင်းသားလူငယ် အချို့သည် ပြန်လွတ်လာကြောင်း သိရသည်။

လွတ်လာသည့်အထဲတွင် ကျောင်းပိတ်၍ နေရပ်ပြန်သည့် အထက်တန်းကျောင်းသား ၂ ဦးအပါအဝင် အသက် ၁၃ နှစ်နှင့် ၁၄ အရွယ် လူငယ်တချို့သည်  ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီကျော်ခန့်က ခံဝန်လက်မှတ်ဖြင့် စစ်တွေမြို့မရဲစခန်းမှတဆင့် ပြန်လွတ်လာခြင်း ဖြစ်သည်ဟု သိရသည်။

"ကျောင်းသားတချို့တော့ ပြန်လွတ်လာပြီ။  အရေအတွက်တော့ မသိရဘူး။ သမ္ဗာန်သမားတွေနဲ့ အရပ်သားတွေတော့ ပြန်မလွတ်လာသေးဘူး။ ညနေပိုင်းလောက်ပြန်လွတ်လာမလား စောင့်ကြည့်ရဦးမယ်" ဟု ရခိုင်လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က စစ်တွေမြို့၊ BXT ကိုးရီးယားဆိပ်ကမ်း၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေများမှ လုပ်သားများအပါအဝင် ကွမ်းယာရောင်သည့် အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူစုစုပေါင်း (၅၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါက်တောမြို့နယ်ဘက်သို့ လူနှင့် ရိက္ခာများ ပို့ဆောင်သည်ဟု ဆိုကာ စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးသွားပြီးနောက် ၎င်းတို့အား စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားကာ ယမန်နေ့ဒီဇင်ဘာလ ၁၃ ရက်က စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်ဟု သိရသည်။

ရုံးထုတ်ပြီးနောက် ကျောင်းသားလူငယ်အချို့ကိုပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ထပ် သမ္ဗာန်သမားများနှင့် အရပ်သားပြည်သူများကို ခံဝန်လက်မှတ်နှင့် ပြန်လွှတ်ပေးမည်ဆိုသော်လည်း စစ်ဆေးနေဆဲဖြစ်၍ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ထိုသို့လွတ်မြောက်လာခြင်းမရှိသေးသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြရသည်ဟုလည်း သိရသည်။

ရက္ခိုင့်တပ်တော် (AA)ကလည်း စစ်တွေ BXT ဆိပ်ကမ်းမှ ဖမ်းဆီးခံရသူ ၅၃ ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု အောင်မင်္ဂလာ တောင်ကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးသွားသူ ၇ ဦး၏စာရင်းကို ယမန်နေ့ က ထုတ်ပြန်ထားသည်။

စစ်တွေမှ ၅၃ ဦးတွင် စစ်တွေမြို့နယ်မှ ၂၆ ဦး၊ ပေါက်တောမြို့နယ်မှ ၂၄ ဦးအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များမှ ဒေသခံ ၃ ဦးတို့ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မင်းပြားမြို့နယ်၊ အောင်မင်္ဂလာတောင်မှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများမှာ ကိုကျော်မင်းစိုး(၃၀)နှစ်၊ ဦးသန်းမောင်ကြီး( ၅၃)နှစ်၊ ကိုကျော်ဆန်းထွန်း (၂၃)နှစ်၊ ကိုဇော်မင်းဦး( ၂၃)နှစ်၊ ဦးလှထွန်းကျော်( ၆၇)နှစ်၊ ဒေါ်သန်းသန်း( ၅၀)နှစ်နှင့် မစံပါယ်လှိုင်( ၃၄) နှစ်တို့ ဖြစ်ကြောင်း သိရသည်။(NN-12)

ဆက်စပ် သတင်းများ