တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

လေးမြို့မြစ်အတွင်း မျောပါနေသောစစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်လောင်းတွေ့ရှိ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ထဲတွင် ရေနှင့်မျောပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်ဟုသိရသည်။

အဆိုပါအလောင်းကို လေးမြို့မြစ်ကမ်းနံ​ဘေးရှိ ​ဆီသည်ရွာအနီးတွင် ယနေ့ ဒီဇင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ‌မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"မြစ်ထဲမှာ သေနေတဲ့အလောင်း မျောနေတာကိုတွေ့တာ။ ပန်းမြောင်းဘက်က စစ်သား ဖြစ်ဖို့များတယ်။ ဘတ်တံဆိပ်နဲ့ စစ်ယူနီဖောင်းကို တွေ့ရတယ်။ စစ်သားကတော့ သေချာပါတယ်။ ဘယ်တပ်ကဆိုတောတော့ မသိပါ" ဟုပြောသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာရှိ အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ဒီဇင်ဘာ ၁၂ ရက်ညက စခန်းကို စွန့်ခွာကာ လေးမြို့မြစ်ကို လှေဖြင့် တိတ်တဆိတ် ဖြတ်ကူးပြီး  မြောက်ဦးမြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါလှေဖြင့် ဖြတ်ကူးစဉ် ရေထဲကျပြီး ရေနစ်သေဆုံးခဲ့ပုံရသည်ဟု ၎င်းဒေသခံ ခန့်မှန်းပြောဆိုသည်။   

၎င်း ပန်းမြောင်းဘက်မှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်သားများသည် ပုရိန်သို့ ရောက်ရှိခဲ့ပြီး ယင်းမှ တစ်ဆင့် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် မြောက်ဦးမြို့သို့ ဆုတ်ခွာလာစဉ်  ကိုးသောင်းဘုရားနှင့် ရဲတပ်ရင်းအကြားတွင် ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တစ်နာရီခန့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ရသည်ဟု သိရသည်။ ၎င်းတိုက်ပွဲသည် ၎င်းနေ့ ညနေ ၆ နာရီခန့်တွင် ပြီးဆုံးသွားသည်ဟု သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ