တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ (၂) အမှုဖွင့်ပြီး တရားစွဲဆိုရန်စီစဉ်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 780

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသည့် ကိုယ်ပိုင်စီးပွားရေး လုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)အား ထောက်ပံ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ (၂) ဖြင့် အမှုဖွင့်ပြီး တရားစွဲဆိုရန် စီစဉ်နေသည်ဟု သိရသည်။

၎င်းသူမှာ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ အုတ်ဖိုလုပ်ငန်းရှင် ဦးအောင်သန်းထွန်း (၄၅)နှစ်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အား ငွေကျပ်သိန်း (၂၀) ထောက်ပံ့သည်ဟုဆိုကာ အမှုဖွင့် တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်။   

သူ့ကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရမန်ယူခဲ့သည်ဟု အမှတ်(၄)ရပ်ကွက်မှ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"မနေ့ကတရားရုံးကို ထုတ်တယ်။ ရမန်ယူထားတယ်"ဟုပြောသည်။

ဦးအောင်သန်းထွန်းကို လာမည့်ဒီဇင်ဘာ ၁၈ ရက်တွင် ရုံးချိန်းထားသည်ဟု သိရသည်။

"အဓိက အေအေကိုထောက်ပံ့တယ်ဆိုပြီး တရားစွဲဖို့၊ အမှုဖွင့်ဖို့လုပ်နေတာလို့ သိရတယ်။ မိသားစုတွေလည်း စိုးရိမ်နေကြပါတယ်" ဟုပြောသည်။

စစ်ကောင်စီဝါဒဖြန့် Anti-Terrorism Team Of Rakhine State က ယနေ့ ဒီဇင်ဘာ ၁၅ ရက်၊ နံနက်တွင်ထုတ်ပြန်ရာ၌ ဦးအောင်သန်းထွန်းသည် AA အဖွဲ့အား ငွေကြေးထောက်ပံ့၍ ပုဒ်မ ၁၇ (၁)၊(၂) ဖြင့် အရေးယူနိုင်ရေးဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။

"၎င်းမှ “AA အဖွဲ့ထံ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓမာကျေးရွာ၌ နေအိမ် ၁၈ လုံး ဆောက်လုပ်ခဲ့သည့် အထဲမှရသည့် ငွေ ၁၅ သိန်း၊ အုတ်လုပ်ငန်းမှရသည့် ငွေ ၅ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၂၀ အား ထောက်ပံ့ပေးခဲ့ကြောင်း” စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းအား  မတရား အသင်းအက်ဥပဒေပုဒ်မ၊ ၁၇ (၁)၊(၂) ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်နေသည်"ဟု စွပ်စွဲရေးသားဖော်ပြထားသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက အပြစ်မဲ့အရပ်သားများကို ပုဒ်မ ၅၀၅-က ဖြင့်သာ အများဆုံးတရားစွဲနေခြင်းဖြစ်ပြီး ဦးအောင်သန်းထွန်းကိုမူ ၁၇ (၁)၊ (၂) ဖြင့် ပထမဆုံး တရားစွဲဆိုရန် စီစဉ်လာခြင်းဖြစ်သည်။

ဦးအောင်သန်းထွန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်၊ ညနေ ၆ နာရီကျော်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်ဖြင့် နေအိမ်သို့လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့် မွတ်ဆလင်အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအပါအဝင် မြို့ခံအများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းလည်း သိရသည်။

ရက္ခိုင်ဒေသအတွင်းတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယခင်တိုက်ပွဲများမှသည် တကျော့ပြန်တိုက်ပွဲ ယနေ့ကာလအထိ  စစ်ကောင်စီဘက်မှ စွပ်စွဲသံသယများဖြင့် မတရားသဖြင့် ဖမ်းဆီးထားသော အရပ်သားပြည်သူ ဦးရေ (၄၃၀) ကျော်အထိ ရှိလာပြီဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ (MNDAA+TNLA+AA)က ယ‌မန်နေ့ဒီ‌ဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားသည်။ (NN-11) 

ဆက်စပ် သတင်းများ