တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မင်းပြားရဲစခန်းအနီး မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ပြီး တစ်ဖက်ဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊မင်းပြားမြို့မ ရဲစခန်းအနီးတွင် ယနေ့  နေ့လယ် ၁နာရီခန့်က မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်ကာ တစ်ခြားခြေထောက်တစ်ဖက်တွင်လည်း ဒဏ်ရာပြင်းထန် ရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ  ဈေးဟောင်းပိုင်းရပ်ကွက်မှ အသက်၃၈နှစ် အရွယ်ဦးကျော်မောင် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့၊‌ ဈေးဟောင်းပိုင်းရပ်ကွက်တွင် မြို့မရဲစခန်း ခြံစည်းရိုးတွင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအား နင်းမိရာမှ ခြေထောက်တစ်ဖက် ပြတ်သွားပြီး တစ်ဖက်ဒဏ်ရာပြင်းထန် ရရှိသွားသည်ဟု မင်းပြားမြို့ပေါ်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"  သူက ရဲစခန်းနောက်က ကန်ဘောင်ပေါ်မှာ စက်ဘီးကို ရပ်ထားတာ။ စက်ဘီးက ကန်အောက်ကို လှိမ့်ကျသွားလို့ သွားကောက်တာ။ အဲဒီစက်ဘီးက ရဲစခန်းခြံစည်းရိုးမှာ သွားကျတော့။ သွားယူတာမှာ မိုင်းနင်းမိသွားတာ။ ခြေထောက် တော်တော်ထိသွားတယ်" ဟုပြောသည်။

ဦးကျော်မောင်တွင် ညာဖက် ခြေထာက်ပြတ်သွားပြီး၊ ဘယ်ဖက်ခြေထောက်တွင်လည်း ဒဏ်ရာပြင်းထန်သဖြင့် မင်းပြားမြို့ဆေးရုံမှမြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားသည်ဟု လူမှုရေးလှုပ်ရှားသူတစ်ဦးကနိရဉ္စရာကိုပြောသည်။

" သူက‌ဒဏ်ရာပြင်းထန်တယ်။မင်းပြားဆေးရုံကိုအရင်ပို့တယ်။ ပြီးမှ ဆရာဝန်က သူ့ဒဏ်ရာ ပြင်းထန်တဲ့အတွက် မြောက်ဦးကိုပို့ခိုင်းပါတယ်" ဟုပြောသည်။

မင်းပြားမြို့မရဲစခန်းတစ်ခုလုံးသည် ပြီးခဲ့သည့်နိုဝင်ဘာလ လလယ်ပိုင်းခန့်ကတည်းက မိသားစု အပါအဝင် စခန်းစွန့်ခွာသွားကြပြီဟုဒေသခံများကပြောသည်။(NN-11) 

ဆက်စပ် သတင်းများ