တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

အမ်းမြို့နယ် ကဇုကိုင်း တိုက်ပွဲမှ လက်နက်ကြီးကျည်များ ကမ်းထောင်းကြီးအပါအဝင်ကျေးရွာများ အနီးသို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအနီး ဖြစ်ပွားနေသော တိုက်ပွဲအတွင်းမှ လက်နက်ကြီး ကျည်များသည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

အမ်း မြို့နယ်၊ကဇုကိုင်းတွင် ယနေ့  ဒီဇင်ဘာ ၁၅ ရက် ညနေ ၄နာရီခန့်ကပင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့သည်ဟု ကမ်းထောင်းကြီး မြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" ညနေ ၄ နာရီကတည်းပစ်နေတာ။ အပြန်အလှန်ပစ်ခတ်နေတာပါ။ မြို့ အနီးဝန်းကျင်တွေမှာလည်း လက်နက်ကြီးကျည်တွေ လာကျတယ်။ စိုးရိမ်စရာတော့ ရှိနေတာပေါ့" ဟုပြောသည်။

ယင်းသို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ မြေပုံမြို့နယ်ဖက်သို့ လက်နက်ကြီး ပစ်ခတ်သဖြင့် ကျေးရွာ အနီးအနားတွင် လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်သည်ဟု မြေပုံဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" လက်ရှိ ဘယ်ရွာထဲမှာ ဘယ်လိုကျတယ်ဆိုတာရယ်။ အထိအခိုက် ရှိ မရှိဆိုတာကို  အတိအကျ မသိရသေးပေမယ့် ရွာဘက်တွေကိုကျနေတယ်။ ခုတော့ရပ်သွားပြီ။လက်နက်ကြီးသံတွေ" ဟု ည ၈ နာရီကျော်လောက်က ပြောသည်။

လက်နက်ကြီးသည် မြေပုံမြို့နယ်၊ သပြေကန် ရွာတံတားနှင့် ညောင်ကန်ရွာရှေ့ဘက် တောင်ခြေရင်းတွင် တစ်လုံးကျရောက်‌ ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၈) ရက်မြောက်နေ့ တိုက်ပွဲ သတင်းများကို ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ရာတွင် ရခိုင်ပြည် မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မြေပုံမြို့နယ်၊ စညှင်းဝအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။(NN-11) 

ဆက်စပ် သတင်းများ