Preview

မောင်တောမြို့တွင် ဒု-ဦးစီး ၁ဦးနှင့် အထက်တန်းစာရေး ၂ဦးတို့အား စစ်ကောင်စီတပ်မှ ရုံးအတွင်းသို့ အင်အားသုံးဝင်ရောက်ဖမ်းဆီး

ဒီဇင်ဘာ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :1643
ရခိုင် သတင်း

(မောင်တော မြို့သူကြီးအခြေစိုက်“နခခ (၅) တပ်ရင်း”မှ ကျေးရွာအချို့သို့ လက်နက်ကြီးဖြင့် ခြောက်လှန့်ပစ်ခတ်၍  ရွာသားများကိုအင်အားသုံးအဓမ္မနှင်ထုတ်ခဲ့ကြောင်း၁၀၂၇ စစ်ဆင်ရေး (၅၀)ရက်မြောက်နေ့ တိုက်ပွဲသတင်းများတွင်ဖော်ပြ)

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ် အချိန်ခန့်ကလည်း အင်အား(၁၂) ဦးခန့်ပါသည့်စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်  မောင်တောမြို့ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဌာနရုံးသို့ အင်အားသုံးဝင်ရောက်ကာ  တာဝန် ထမ်းဆောင်နေသောဒု-ဦးစီး (၁) ဦးနှင့် အထက်တန်းစာရေး (၂) ဦးတို့အား ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးသွားခြင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့၊ ည (၁၁:၄၅)အချိန်တွင် ထုတ်ပြန်သည့်  “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၅၀) ရက်မြောက်နေ့တိုက်ပွဲသတင်းတွင် ထည့်သွင်းဖော်ပြထားသည်။ 

၎င်းပြင်  ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက်  ၁၁ နာရီ အချိန်ခန့်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့မှ ဒေသခံ (၃) ဦးအားလက်နက်အပြည့်အစုံကိုင်ဆောင်ကာ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ဒီဇင်ဘာလ (၁၅) ရက်နေ့၊နံနက်ပိုင်း၌ ရက္ခိုင်ပြည်၊ မင်းပြားမြို့ရှိ ဒေသခံအမျိုးသား (၁) ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များထောင်ထားခဲ့သော စွန့်လွှတ်မိုင်းကို နင်းမိခဲ့ရာမှ ခြေထောက်နှစ်ဘက်လုံးကိုဖြတ်တောက်ခဲ့ရကြောင်း အဆိုပါနေရာသည် မင်းပြားမြို့မရဲစခန်းအနောက်ဘက်ရှိပြည်သူသုံး သောက်ရေကန်တစ်ကန်ဖြစ်ကြောင်း ဖော်ပြထားသည်။  

ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နေ့လယ် ၂ နာရီ အချိန်ခန့်က ရက္ခိုင်ပြည်၊မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ “နခခ (၅) တပ်ရင်း” သည် မောင်တောမြို့နယ်ရှိကျေးရွာအချို့မှ ဒေသခံရွာသားများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြောက်လှန့်ကာ ကျေးရွာများအတွင်းမှအင်အားသုံး အဓမ္မနှင်ထုတ်ခဲ့သည်ဟု ဖော်ပြသည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ် အချိန်ခန့်ကလည်းအဆိုပါတပ်ရင်းမှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များထဲမှ (၃) လုံးသည် ကံပြင်သာစည် ကျေးရွာနှင့် ရွာသာယာကျေးရွာကြားသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသာယာကျေးရွာရှိဒေသခံအမျိုးသမီး (၁) ဦးအား ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းတပ်ရင်းသည် ပြည်သူ လူထုအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခြောက်လှန့်ကာ နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သည့် တပ်ရင်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်ဟု ဖော်ပြထားသည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.