စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝရှိ ခဝဲစခန်းနှင့် ခမောင်းဝတပ်စခန်းမှ စစ်သားများ စခန်းစွန့်ခွာ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေသည့် ပလက်ဝမြို့နယ်တွင် ခဝဲစခန်းနှင့် ခမောင်းဝတပ်စခန်းရှိ စစ်သားများသည် စခန်းစွန့်ခွာသွားခဲ့ကြသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ညအချိန်တွင် ခဝဲကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်သားများသည် စခန်းစွန့်ခွာကာ ပလက်၀မြို့ အခြေစိုက် ခလရ ၂၈၉ တပ်ရင်းတွင် သွားရောက် တပ်ပူးပေါင်းခဲ့ကြသည်ဟု ရက္ခိုင့်တပ်တော်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။

"ခဝဲတပ်စခန်းကတော့ စခန်းစွန့်ပြီး ၂၈၉ မှာသွားပေါင်းပါပြီ။ စစ်စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံနေရတော့ ကြိုတင်ပြီး ပြေးတာထင်ပါတယ်"ဟု ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၃ နာရီခန့်က ပလက်ဝအထက်ပိုင်း အုတ်သလင်းချောင်း၊ ခမောင်းဝမှ တပ်သားများကိုလည်း ခလရ ၂၈၉ သို့ ရဟတ်ယာဥ်နှင့် ရွှေ့ပြောင်းသွားကြောင်း ဒေသခံများနှင့် အေအေ သတင်းရင်းမြစ်များက အတည်ပြုသည်။

"ပထမတခေါက်ပြောင်းတော့ အေအေက တာဝေးပစ်ရော့ကတ်နဲ့ ပစ်တယ်။ တစ်ခေါက်ပစ်တာ ဟိုဘက်မှာ သုံးချက်ကွဲတာတွေ့ရတယ်။ ထိခိုက်မှုရှိမရှိတော့ မသိရပါဘူး။ ကျနော်သိတာတော့ တပ်သားတွေကို ရဟတ်ယာဥ်နဲ့ နှစ်ခေါက်ပြောင်းသွားတာကို တွေ့ရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တပ်စခန်း နှစ်ခုပေါင်း တပ်သားအင်အား ၁၀၀ ကျော်ရှိသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် အေအေ ပြောခွင့်ရသူတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရက္ခိုင့်တပ်တော်(AA)သည် ပလက်ဝမြို့နယ် ဆမီးဗျူဟာကုန်းကိုလည်း ဒီဇင်ဘာ ၁၄ ရက်နေ့က စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

၎င်းပြင် ပလက်၀မြို့နယ်အတွင်းမှ မဟာဗျူဟာအရ အရေးပါသည့်  တရွန်အိုင်ဗျူဟာကို ဒီဇင်ဘာ ၄ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် နှုံးဘူးဗျူဟာကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိ  အရေးကြီးသည့် စစ်စခန်းတစ်ခုဖြစ်သည့် မြိတ်ဝစခန်းကိုလည်း အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်း အေအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာတွင် ပုံနှင့်တကွ ရေးသားဖော်ပြခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက် ထိ (၄၅) ရက်တာအတွင်းပလက်ဝမြို့နယ်ရှိ တရွင်အိုင်၊ နှုံးဘူး အပါအဝင် အနည်းဆုံး စခန်း ၁၇ ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည်ဟု အေအေက ထုတ်ပြန်ထားသည်။ (NN-7) 

ဆက်စပ် သတင်းများ