အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး (၅၂) ရက်မြောက်နေ့ ရခိုင်ပြည်စစ်ရေးအခြေအနေများ ညီနောင် သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၅၂) ရက်မြောက်နေ့ တိုက်ပွဲသတင်းများကို  ဒီဇင်ဘာလ (၁၇) ရက်နေ့၊ ည  ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်သည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၁:၃၂) အချိန်မှစ၍ ရသေ့တောင်မြို့ အခြေစိုက် “ခမရ (၅၃၇) တပ်ရင်း” မှ ၁၂၀ မမ ဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်ခဲ့သဖြင့် ရသေ့တောင် မြို့နယ်၊ သဝင်ချောင်းကျေးရွာ၏ မြောက်ဘက် မီတာ (၁၀၀) ကျော်ခန့်အကွာတွင်ရှိသည့် နေရာများတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။ 

တစ်ချိန်တည်း၌ ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ ဘင်္ဂလားပင်လယ်ပြင်မှ စစ်ကောင်စီ၏ နေဗီတစ်စီးက  နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်မှစ၍ ၈၀ မမ ဖြင့် (၅) ကြိမ် အဆက်မပြတ် ထပ်မံပစ်ခတ်ခဲ့ရာ သဝင်ချောင်း ကျေးရွာနှင့် ၎င်းကျေးရွာ၏ အနီးအနား၌ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်  အချိန်ခန့်ကလည်း မောင်တောမြို့နယ်တောင်ပိုင်း  အင်းဒင်အခြေစိုက် စစ်ကောင်စီ၏ “နခခ (၆) တပ်ရင်း” မှ အောင်သုခကျေးရွာနှင့် ကိုးတန်ကောက် ကျေးရွာကြားရှိ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ မေယုတောင်တန်းသို့ လက်နက်ကြီး ဖြင့် (၆) ကြိမ်တိုင်တိုင် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။  

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အမ်းမြို့နယ်တွင် ရန်သူသည် စစ်ရေးလှုပ်ရှားမှု နှင့် အင်အား ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိကာ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲအချို့ ဆက်လက် ရှိနေခဲ့ပြီး အမ်းမြို့နယ် အပါအဝင် ရက္ခိုင်ပြည်၊ မြို့နယ်အချို့၌ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့သည်ဟု သိရသည်။  

စစ်အင်အားဖြည့်တင်းလျက်ရှိသော အမ်းမြို့နယ်အတွင်း အဆိုပါနေ့  ည (၇:၅၀) အချိန်ခန့်၌ ကဇုကိုင်း ‌တောဟိန်းတောင် အခြေစိုက် စစ်ကောင်စီစခန်းမှ လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခဲ့သဖြင့် ကမ်းထောင်းကြီးမြို့ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ညလူခြေတိတ်ဆိတ်ချိန် (၉:၃၀) ခန့်တွင်လည်း ပေါက်တောမြစ်ထဲရှိ စစ်‌ကောင်စီ၏ ဇက်‌ရေယာဉ်တစ်စီးသည် ဇီးချိုမော်‌‌ကျေးရွာဘက်သို့ လက်နက်ကြီး၊ ငယ်များဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်ခဲ့ပြီး  ယမန်နေ့ည (၁၀:၀၀) နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ၏ ဇက်ရေယာဉ်တစ်စီးသည် မြင့်ဂါ‌‌ကျေးရွာ၊ တောင်ဦးမော်‌‌ကျေးရွာနှင့် ပြားသူကြွယ်ကျေးရွာ များဘက်သို့ လက်နက်ကြီးဖြင့် (၇) ကြိမ် ရမ်းကားပစ်ခတ်ခဲ့သည်ဟုဆိုသည်။  

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မြောက်ဦးမြို့အပြင်ဘက်သို့ စစ်ကြောင်း လှုပ်ရှားလာသည့် မြောက်ဦး အခြေစိုက် “ရဲတပ်ရင်း (၃၁)” မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ၎င်းတပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ကူခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိ သော အပြစ်မဲ့ဒေသခံ (၂) ဦးအား လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားခဲ့ကာ ၎င်းတို့ (၂) ဦးအား မြောက်ဦးအခြေစိုက် (၅၄၀) တပ်ရင်း၌ ယခုအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဖော်ပြသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစ၍ ကျောက်ဖြူမြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ဦးခန့်သည် စစ်ကားကြီး၊ ငယ်များဖြင့် စစ်ရေးလှုပ်ရှားမှုများရှိခဲ့ကြောင်း၊  နံနက် (၈:၀၀) အချိန်ခန့်ကလည်း ကျောက်ဖြူမြို့၊ ပြင်ဖြူမော် ရပ်ကွက်ရှိ ပင်လယ်ကမ်းစပ်အနီး၌ ငါးဖမ်းပိုက်ချနေကြသည့် ရေလုပ်သား (၆) ဦးအား ၎င်းရပ်ကွက်အတွင်း လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ငါးဖမ်းပိုက်များကို သိမ်းဆည်းခဲ့ကြောင်း၊  သိမ်းဆည်းထားသော ငါးဖမ်းပိုက်ကွန် (၁) ခုအား အမဲသား (၁) ပိဿာဖြင့် လာရောက်ရွေးယူစေပြီး ပြည်သူ့ချွေးနှဲစာအား လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။  

ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၇:၀၀) အချိန်ခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ စျေးရောင်းချနေသူ ဒေသခံ (၆) ဦး၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ ဈေးရောင်းချနေသူ (၁၃) ဦးတို့အား မြို့ထဲသို့ ဟင်းသီးဟင်းရွက်ရောင်းချရန် လမ်းခုလတ်ဖြစ်သော ကျောက်ဖြူလေယာဉ်ကွင်းအဆုံး၌ လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀) ခန့်သည် ၎င်းဒေသခံစျေးသည် (၁၉) ဦးအား ခလရ (၃၄) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူပင်လယ်ပြင်နှင့် ၎င်းအခြေစိုက်ရာ သစ်ပုတ်တောင်ရေတပ် စခန်းမှ မြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကာ အရပ်သားပြည်သူများ နေထိုင် ရာ ကျေးရွာ၊ ရပ်ကွက်များအနီးတွင်လည်း လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းကာ လုံခြုံရေးယူသည့် အကြောင်းပြချက် မျိုးဖြင့် လမ်းသွားလမ်းလာများအား အနှောင့်အယှက်ပေးကာ ဖမ်းဆီးခြင်းများကိုပါ ဆက်တိုက်ပြုလုပ်လာနေသည်ဟု ဖော်ပြသည်။  

ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်၌ ရမ်းဗြဲမြို့နယ်၊ သံချောင်း တိုက်နယ်၊ သရက်ချောင်း‌‌ကျေးရွာမှ အသက် (၃၇) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦးမှာ ကျမ္မာရေး မကောင်းသဖြင့် တစ်ရွာတည်းနေ (၁၉) နှစ်အရွယ် ဒေသခံ (၁) ဦးအား အဖော်ခေါ်၍ ရမ်းဗြဲမြို့ပေါ်သို့ ဆေးခန်းသွားပြပြီး ပြန်အလာတွင် ရမ်းဗြဲ၊ သိမ်တောင်ဘုရားတွင် စခန်းချတပ်စွဲထား သော “အမှတ် (၃၈) ခြေလျင်တပ်ရင်း” မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့်သည် ၎င်းတို့စခန်းချရာ ‘သိမ်တောင်စခန်း” သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။ 

စစ်ကောင်စီသည် စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် မိမိတို့ လှုပ်ရှားရာနေရာများနှင့် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးနယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ